• ဒါဘီကောင်တီ အသင်းဟာ အက်ဖ်အေ ဖလား ပြန်ကန် ပွဲစဉ်မှာတော့ နော့သမ်တန် အသင်းကို 4-2 ရလာဒ်နဲ့ အနိုင် ကစားပြီး ၊ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ အသင်းအတွက် ပင်နယ်တီ ကနေ တဆင့် အနိုင်ဂိုး တစ်ဂိုး သွင်းယူခဲ့တဲ့ ရွန်းနီ ကတော့ ပဉ္စမအဆင့်မှာ အသင်းဟောင်း ယူနိုက်တက် နဲ့ ရင်ဆိုင်ကစားရတော့မှာပါ။

• ဘာစီလိုနာ အတွက် နိုဝင်ဘာလ ကတည်းက ကစားပေးနိုင်ခဲ့ခြင်း မရှိတဲ့တဲ့ တိုက်စစ်ကစားသမား ဒမ်ဘီလီဟာ ၊ လေ့ကျင့်ခန်းတွေ ပြန်လည် လုပ်ဆောင်နေချိန်မှာပဲ ညာဘက် ခြေထောက်မှာ တံကောက်ကြော ဒဏ်ရာ ရရှိသွားခဲ့ပြန်ပြီ ဖြစ်ပါတယ်။ စပိန် သတင်းစာတွေ ကတော့ ဒမ်ဘီလီဟာ လက်ကျန် ရာသီ ပွဲစဉ်တွေ အားလုံးကိုပါ လွဲချော် သွားဖွယ် ရှိနေတယ်လို့ ရေးသားလျှက် ရှိနေကြပါတယ်။

• စပါး နည်းပြ မော်ရင်ဟို ကတော့ သူတို့ အသင်းခေါင်းဆောင် တိုက်စစ်မှုးဟာ တစ်ရာသီလုံး အနားယူစရာ မလိုဘူးလို့ ပြောဆိုလိုက်ပြီး ၊ ဧပြီလ လောက်မှာ အသင်းနဲ့ အတူ လေ့ကျင့်ခန်း ပြန်ဆင်းဖို့ ပစ်မှတ်ထားနေတယ်လို့ ခန့်မှန်းသွားခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ ရာသီအကုန် ပရီးမီးယားလိဂ် ပွဲစဉ် 2 ပွဲ လောက်ကိုလဲ ပါဝင်ကစားပေးဖွယ် ရှိနေတယ်လို့ ပြောဆိုခဲ့ပြန်ပါတယ်။

• မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဂျာမန် ပိုကယ် ဖလားပွဲစဉ်မှာ ဟာလန်း ဟာ ဒေါ့မွန် အတွက် နောက်ထပ် သွင်းဂိုး တစ်ဂိုး ထပ်မံ ရယူပေးနိုင်ခဲ့ပြန်ပေမယ့် ၊ ဝါဒါဘရီမင် အသင်းကို 3-2 ရလာဒ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကနေ ထွက်လိုက်ရပြီ ဖြစ်ပါတယ်။ ဟာလန်းဟာ အခုဆိုရင် 4 ပွဲ ကစားပြီး ၊ သွင်းဂိုးက 8 ဂိုး အထိတောင် သွင်းယူ ထားနိုင်ခဲ့ပါပြီ။

• ရှရူဘူရီ အသင်းကို အနိုင်ယူ အပြီးမှာတော့ လီဗာပူးဟာ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲပေါင်းစုံ အိမ်ကွင်း ပွဲစဉ် 40 ဆက်တိုက် လုံး၀ ရှုံးပွဲ မရှိခဲ့ပါဘူး။ ဒါ့အပြင် နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်း 7 ပွဲ ဆက်တိုက် ပေးဂိုး လုံး၀ မရှိပဲနဲ့ 100% နိုင်ပွဲ ရယူထားပါတယ်။

• ယူနိုက်တက် ကွင်းလယ် ကစားသမား ပေါ့ဘာဟာ ဒီရာသီ အကုန်မှာ အသင်းပြောင်းဖို့ စိတ်ကူးရှိနေဆဲ ဖြစ်ကြောင်း အသင်းဖော်တွေကို အသိပေးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာနေပါတယ်။ ယူနိုက်တက် ဘက်ကလဲ သူဟာ အသင်းအတွက် အာရုံစိုက်ထားခြင်း မရှိတော့ဘူးလို့ ယူဆနေပြီး ၊ တစ်ချို့ ကစားသမားဟောင်းတွေ ကတော့ ပေါ့ဘာ အနေနဲ့ အသင်းပြောင်းသွားတာ အကောင်းဆုံး ဖြစ်လိမ့်မယ်လို့ ယူဆနေကြပါတယ်။

• ပက်ဂွာဒီယိုလာဟာ လာမယ့် နွေရာသီမှာ ခံစစ်မှုး 2 ယောက် အထိ ခေါ်ယူဖို့ အတွက် စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်။ သူတို့ လိုချင်တဲ့ ပစ်မှတ်တွေကိုသာ ရရှိခဲ့ရင် ၊ ဂျွန်စတုန်း ရဲ့ အနေအထားဟာ အပြောင်းအလဲတွေ ဖြစ်ပေါ်လာဖွယ် ရှိနေပါတယ်။

• ယူနိုက်တက် အသင်းရဲ့ ဂိုးသမား နှစ်ယောက် ဖြစ်တဲ့ ရိုမဲရိုး နဲ့ လီဂရန့်တို့ဟာ ရာသီအကုန်မှာ အသင်းနဲ့ လမ်းခွဲတော့မယ့် အကြောင်း အသိပေးမှုတွေ ပြုလုပ်ထားခဲ့ပြီးပြီ ဖြစ်ပါတယ်။

• ယူနိုက်တက် ရဲ့ နွေရာသီ အဓိက ပစ်မှတ်တွေထဲမှာ အက်စ်တွန်ဗီလာ အသင်းခေါင်းဆောင် ဂရေးလစ်ရှ် က ရှေ့ဆုံးကို ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ အထူးသဖြင့် လက်စတာ ကွင်းလယ် ကစားသမား မက်ဒီဆွန်ဟာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးမှာ ဖြစ်တာကြောင့် ၊ ယူနိုက်တက်ဟာ ဂရေးလစ်ရှ် ဘက်ကို မြှားဦးလှည့်လာခဲ့တာပါ။

• ဂျူဗီ ပရိသတ်တွေ အတွက် သတင်းကောင်း တစ်ခုကတော့ ကာလရှည် အနားယူနေရတဲ့ ခံစစ်မှုးကြီး ချီရယ်လီနီဟာ အပေါ့စား လေ့ကျင့်ခန်းတွေကို စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရပါတယ်။ တိုက်စစ်ကစားသမား ဘီနာဒက်စ်ခီ ကတော့ ကြွက်သား ဒဏ်ရာလေး ရနေလို့ ၊ လာမယ့်ပွဲစဉ်ကို လွဲချော်သွားဖွယ် ရှိနေပါတယ်။

• အေတီကို ဟာ ရလာဒ်တွေ ဒီထက် ဆိုးဝါးလို့ ၊ ပြန်လည် နိုးထနိုင်အောင် လုပ်ဆောင်နိုင်ခြင်း မရှိတော့ဘူး ဆိုရင်တော့ ဆီမြွန်နီ နဲ့ လမ်းခွဲဖို့ အထိ စဉ်းစားလာနေပြီ ဖြစ်ပါတယ်။ သူ့ရဲ့ နေရာကို အစားထိုးဖို့ အတွက်တော့ စပါးနည်းပြဟောင်း ပိုချက်တီနို က ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

• အေတီကို ရဲ့ အင်္ဂလန် နောက်တန်း ကစားသမား ထရစ်ပီယာ ဟာ နောက်ထပ် ပေါင်ခြံဒဏ်ရာပါ ထပ်မံ ရရှိသွားပြန်တာကြောင့် အနည်းဆုံး တစ်လလောက် အနားယူရဦးမယ်လို့ သိရပါတယ်။

SPORTS MYANMAR