ဂျူဗီ ဟာ ရီးရဲ မက်ဒရစ် ကနေ ရိုနာဒို ကို ခေါ်ယူခဲ့စဉ် အချိန်က ရည်မှန်းချက်ကြီး 2 ခု အဓိက ရှိခဲ့ပါတယ်။ ပထမ တစ်ချက် က အသင်းနဲ့ နှစ်ပေါင်း များစွာ ဝေးကွာနေတဲ့ ချန်ပီယံလိဂ် ဖလားကြီးကို ပြန်လည်သိမ်းပိုက် ဖို့ ဖြစ်ပြီး ၊ ဒုတိယ အချက် ကတော့ အသင်းရဲ့ ပုံရိပ်ကို ကမ္ဘာတစ်ဝှမ်း ပိုမို မြှင့်တင်နိုင်ဖို့ ပစ်မှတ်ထားခဲ့တာပါ။

လက်ရှိမှာ ချန်ပီယံလိဂ် ဖလားကြီးက အကောင်အထည် ဖော်ဆောင်နိုင်ခြင်း မရှိသေးသော်လဲ ၊ စီးပွားရေး ဆိုင်ရာ ပုံရိပ်ဖြန့်ကျက်မှု ပိုင်းမှာတော့ ရိုနာဒို ရဲ့ သက်ရောက်မှုတွေ က အရမ်းကို ကြီးမားလျှက် ရှိနေပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းမှာ အသင်းရဲ့ အဓိက စပွန်ဆာကြီးတွေ အများစုကို စာချုပ် သက်တမ်းတိုးနိုင်ခဲ့တဲ့ အပြင် ၊ တိုးတက်လာတဲ့ ပုံရိပ်တွေကြောင့်လဲ စပွန်ဆာကြေး ပမာဏ က ဆတိုး အထိတောင် တိုးမြှင့် ရရှိသွားခဲ့ရပါတယ်။

အာမခံ လုပ်ငန်းကြီး တစ်ခု ဖြစ်တဲ့ Allianz ဟာ ဂျူဗီ ရဲ့ ကွင်းကြီး နာမည် မူပိုင်ခွင့် အတွက် စာချုပ် ချုပ်ဆိုထားခဲ့တာ 2023 ခုနှစ် အထိ ဖြစ်ပါတယ်။ အဲဒီ စာချုပ်အရ ဂျူဗီ ဟာ တစ်နှစ် အတွက် ယူရို 7.5 သန်း ရရှိထားတာ ဖြစ်ပြီး ၊ လက်ရှိမှာတော့ စာချုပ် သက်တမ်းကို 2030 ခုနှစ် အထိ တိုးမြှင့်လိုက်ပြီ ဖြစ်တာကြောင့် တစ်နှစ် အတွက် 10.3 သန်း အထိ တိုးမြှင့်ရရှိတော့မှာပါ။

ဒီတစ်ခါ စာချုပ်ဟာ ကွင်းနာမည် မူပိုင်ခွင့် အပြင် ၊ အသင်းရဲ့ လေ့ကျင့်ရေး ဝတ်စုံ အပေါ် ရေးထိုးထားတဲ့ စပွန်ဆာ နဲ့ အမျိုးသမီး အသင်း နောက်ကျော စပွန်ဆာတွေ အထိပါ အကျုံးဝင်ထားတယ်လို့ သိရပါတယ်။ သက်တမ်း အားဖြင့်က 10 နှစ် အထိ ရရှိလိုက်တာ ကြောင့် ၊ ဂျူဗီဟာ Allianz ဆီကနေပဲ ယူရို 103 သန်း အထိ သိမ်းပိုက်ဖို့ သေချာ သွားခဲ့ပါတယ်။

ဒါတင် မကသေးပါဘူး။ လက်ရှိ Kit Sponsor ဖြစ်တဲ့ Adidas ကလဲ ရိုနာဒို ရောက်ရှိလာခဲ့တဲ့ အတွက် 2018 ခုနှစ် ဒီဇင်ဘာ လမှာ 9 နှစ် သက်တမ်း စာချုပ် ကို သက်တမ်းတိုး ချုပ်ဆိုခဲ့ ပြန်ပါသေးတယ်။ အဲဒီ စာချုပ်အရ ဂျူဗီဟာ တစ်နှစ် အတွက် ယူရို 23 သန်း သာ ရနေတဲ့ အနေအထား ကနေ 51 သန်း အထိပါ တိုးမြှင့် ရရှိသွားခဲ့ပြီး ၊ လက်မှတ်ထိုးကြေး ဘောနပ် ယူရို 15 သန်း ကိုပါ သိမ်းပိုက် သွားခဲ့ ပါတယ် ။ စုစုပေါင်း အကြမ်းဖျင်း တွက်ရရင် Adidas ရဲ့ စပွန်ဆာကြောင့်လဲ ဂျူဗီ ရဲ့ ရပိုင်ခွင့်က ယူရို သန်း 450 ဝန်းကျင် အထိ ရှိသွားခဲ့ပါတယ်။

နောက်တစ် ခုကတော့ အသင်း ဥက္ကဌ အက်နဲလီ ပိုင်ဆိုင်တဲ့ Jeep က ပေးထားတဲ့ စပွန်ဆာပါ။ လက်ရှိမှာ အခြေခံ ပမာဏ အဖြစ် ယူရို 17 သန်း ပေးထားပြီး ၊ အောင်မြင်မှု အပေါ် မူတည်ကာ ယူရို 42 သန်း အထိ တိုးမြှင့် ရရှိမှာ ဖြစ်ပါတယ်။ အဲဒီ စာချုပ်ဟာ လာမယ့်ရာသီမှာ ကုန်ဆုံးမှာ ဖြစ်ပေမယ့် ၊ Jeep ဘက် ဆက်ပြီး ပေးဖို့ ဆုံးဖြတ်ထားတာကြောင့် ၊ လက်ရှိမှာ အပေါင်းလက္ခဏာဆောင် တဲ့ စာချုပ်သစ် ဆိုင်ရာ ဆွေးနွေးမှုတွေကို လုပ်ဆောင်ထားပြီးပါပြီ။

ဒါကြောင့်လဲ ဂျူဗီ ရဲ့ 2018-2019 ဘဏ္ဍာရေး နှစ် အစီရင်ခံစာ အနှစ်ချုပ်ကို ကြည့်လိုက်မယ် ဆိုရင် ပိုထွက်လာတဲ့ အသားတင် အမြတ်ငွေဟာ ယူရို 55 သန်း အထိ ရှိခဲ့ပါတယ်။ ဒါဟာ ရိုနာဒို ခေါ်ယူလိုက်တဲ့ အတွက် ကွင်းပြင်ပ က တိုးတက်လာတဲ့ ထင်ရှားတဲ့ ကိန်းဂဏန်းတွေ ပါပဲ။

အခြား မှတ်တမ်းတွေ အရ ပွဲနေ့ ကြော်ငြာ စပွန်ဆာ လုပ်ငန်းတွေ ကနေ ရရှိတဲ့ ပမာဏ ကလဲ ယူရို 86 သန်း ကနေ 108 သန်း အထိ တိုးတက်လာတယ်လို့ သိရသလို ၊ အသင်းရဲ့ ပစ္စည်း ရောင်းချမှု ကနေ ရရှိတဲ့ ဝင်ငွေတွေ ကလဲ ယူရို 27 သန်း ကနေ ယူရို 44 သန်း အထိ မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် ဂျူဗီ ရဲ့ 2019-2020 ဘဏ္ဍာရေး ရှင်းတမ်းဟာလဲ ပိုကောင်းတဲ့ ရလာဒ်တွေ ထွက်ပေါ်လာဦးမှာ သေချာလျှက် ရှိနေပါတယ်ဗျာ………