နည်းပြ ကလော့ပ်ရဲ့ လီဗာပူး အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင် ပွဲမှာ ပြီးပြည့်စုံတဲ့ ခြေစွမ်း မျိုးနဲ့ အတူ ရှုံးပွဲမရှိ ဖြတ်သန်းနေပြီး ဒုတိယနေရာကအသင်းထက်အမှတ်အပြတ်အသတ်နဲ့ ချန်ပီယံဖြစ်ဖို့ နီးစပ်နေပါတယ်။

လီဗာပူး အသင်းဟာ ပွဲစဉ် ၂၅ ပွဲ အပြီး မှာ ယူနိုက်တက်ကို အိုးထရက်ဖို့ဒ်မှာ သရေကျခဲ့တဲ့ ပွဲတပွဲက လွဲပြီး ကျန် ပွဲစဉ် အားလုံးကို အနိုင်ကစားထားပါတယ်။အဆိုပါ နိုင်ပွဲတွေထဲမှာ ယူနိုက်တက် ကိုအန်ဖီးလ်မှာ အနိုင်ပြန်ယူထားတဲ့ ပွဲလည်း အပါအဝင် ဖြစ်ပါတယ်။

အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ ယူနိုက်တက် အသင်းက အနိုင်ရဖို့ အတော်လေး နီးစပ် ခဲ့သေးတာဖြစ်ပြီး လယ်လာနာ ရဲ့ နောက်ကျချေပဂိုးကြောင့်သာ ရှုံးပွဲ မတွေ့ခဲ့ရပဲ ၁ဂိုးစီ သရေ ကျခဲ့တာ ဖြစ်ပါတယ်။

လီဗာပူး အသင်းရဲ့ အဓိက တိုက်စစ် ကစား သမား တဦး ဖြစ်တဲ့ ဆာလတ်ကတော့ အဆိုပါ ပွဲကို ခြေကျင်းဝတ်ဒဏ်ရာကြောင့် လွဲချော်ခဲ့ပြီး သူ့ရဲ့ နေရာမှာ အော်ရီဂီက ဝင်ရောက်ကစားသွားခဲ့ရပါတယ်။

အန်ဖီးလ်မှာကစားခဲ့တဲ့ပွဲမှာတော့လီဗာပူးအသင်းကလူစုံတက်စုံပါဝင်သွားနိုင်ခဲ့ပြီးဗန်ဒိုက်၊ဆာလတ်တို့ရဲ့ဂိုးတွေနဲ့အနိုင်ရခဲ့ပါတယ်။ဆာလတ် အတွက်တော့ ပရီးမီးယားလိဂ်ကို ရောက်လာအပြီး အဆိုပါ ပွဲမှာမှ ယူနိုက်တက် အသင်းကို ဂိုးသွင်းဖူးတာဖြစ်ပါတယ်။

ဒီပွဲ မတိုင်မီ အင်တာဗျူး တခုမှာတော့ ဆာလတ်က လီဗာပူး အသင်းဟာ ပွဲတိုင်းကို အနိုင်ရထားခဲ့ပေမယ့် ယူနိုက်တက် အသင်းကို သရေသာကစားနိုင်ခဲ့တာဟာမိမိမပါဝင်နိုင်ခဲ့တာကြောင့်ပါလို့ဆိုထားခဲ့လို့ယူနိုက်တက်ဖန်တွေရဲ့ဝေဖန်မှုတွေကိုအတော်ခံခဲ့ရပါသေးတယ်

ဒီမှတ်တမ်းဆိုးကို ချေဖြတ်ဖို့ ဒီအီဂျစ်သားက အတော်လေးကြိုးစားခဲ့ပေမယ့် ဒီစိတ်ကြောင့် ပဲ ဂိုးမရဖြစ်နေခဲ့ပုံပါပဲ။
ဒါပေမယ့်လည်းအသင်းဖော်ဂိုးသမားဖြစ်သူအယ်လစ်ဆန်ရဲ့ပါးနပ်မှုကြောင့်နောက်ဆုံးမိနစ်ရောက်မှလီဗာပူးအနိုင်သေချာစေမယ့်ဂိုးကိုသွင်းပေးလိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဆာလတ်ဟာ အဆိုပါ လအတွင်း ကစားခဲ့တဲ့ ရှက်ဖီးယူနိုက်တက်၊ စပါး ၊ ယူနိုက်တက် ၊ ဝုဗ်လ် ၊ ဝက်စ်ဟမ်း အသင်းတွေ နဲ့ ပွဲတွေမှာ ၃ဂိုးသွင်း၃ဂိုးဖန်တီးနိုင်ခဲ့တာကြောင့်လည်းဟန်ဒါဆန်နဲ့အယ်လစ်ဆန်ကိုကျော်ပြီးအသင်းရဲ့တလတာအကောင်းဆုံးကစားသမားဆုရှင်ဖြစ်ခဲ့ပါတယ်။

ဆာလတ်ဟာ လီဗာပူး နဲ့ အတူ တဦးချင်း ကော အသင်းလိုက် အောင်မြင်မှုတွေပါ ရရှိနေခဲ့တဲ့ ကစားသမား တဦးဖြစ်ပါတယ်။ဒါပေမယ့် သူ့ရဲ့ အကြိုက်နှစ်သတ် ဆုံး အခိုက်အတန့် အဖြစ် တော့ ယူနိုက်တက်နဲ့ပွဲမှာ သူဂိုးသွင်းနိုင်ခဲ့တဲ့ အချိန်ကို ရွေးချယ်သွားခဲ့ပါတယ်။

အသင်းရဲ့တလတာအကောင်းဆုံးဆုရရှိခဲ့အပြီးလီဗာပူးဝက်ဘ်ဆိုက်ဒ်နဲ့အင်တာဗျူးမှာဆာလတ်က-“အားလုံးကိုကျေးဇူးတင်ပါတယ်။ဒီဆုကို ရရှိခဲ့တဲ့ အတွက် လည်း ကျွန်တော် ကျေနပ်ပျော်ရွှင်မိပါတယ်။

ကျွန်တော်အရင်ကအကြိမ်ကြိမ်ပြောထားခဲ့ဖူးသလိုပဲအသင်းနဲ့အတူအောင်မြင်မှုတွေရနေဖို့ကပဲပိုပြီးအရေးကြီးတာပါ။ဒီလအတွင်းကျွန်တော်တို့ ကောင်းကောင်းလုပ်ထားနိုင်ခဲ့တယ်လို့ ထင်ပြီး ဆက်လုပ်နိုင်ဖို့လည်း မျှော်လင့်ပါတယ်။

ကျွန်တော့် အနေနဲ့ ယူနိုက်တက် အသင်း ဘက်ကို ဂိုးသွင်းနိုင် ဖို့ အတွက် ၂ နှစိ လောက် အထိအချိန်စောင့်ဆိုင်းခဲ့ရပါသေးတယ်။ဒါကြောင့် လည်း အဲ့ဒီပွဲက သွင်းဂိုးကတော့ ကျွန်တော့်ရဲ့ အကြိုက်အနှစ်သက်ဆုံး အခိုက်အတန့်ပါပဲ “လို့ပြောခဲ့ပါတယ်။

လီဗာပူး အသင်းဟာ ပြီးခဲ့တဲ့ အပတ် အတွင်းမှာ ပွဲ ကစားဖို့ မရှိခဲ့ပဲ ဆောင်းရာသီ နားရက်ကို ဖြတ်သန်းထားခဲ့ရပါတယ်။သူတို့ဟာ ရှရှူးစ်ဘူရီနဲ့ FA ပြန်ကန်ပွဲကိုတောင် လူငယ်တွေနဲ့ ရင်ဆိုင်ထားစေခဲ့တာဖြစ်ပါတယ်။

ဆောင်းရာသီ အားလပ်ရက် ရရှိလိုက်တဲ့ အပေါ် မှတ်ချက်ပေးရာမှာတော့ ဆာလတ်က – ” ကျွန်တော်တို့ အတွက် တကယ်ကောင်းတဲ့ နားရက်တွေဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။

အခုဆိုရင်အားလုံးကသစ်လွင်လန်းဆန်းတက်ကြွနေကြပြီဖြစ်ပြီးနောက်ထပ်ခရီးအတွက်တဖန်ပြန်ပြီးစိတ်လှုပ်ရှားနေကြပါပြီ။ဒါကြောင့်လည်း လာမယ့်ပွဲအတွက် အသင့်ဖြစ်နေမယ်လို့တော့ မျှော်လင့်ပါတယ် ” လို့ပြောခဲ့ပါတယ်။

လီဗာပူး အသင်းဟာ ပွဲစဉ် ၂၅ ပွဲကစားအပြီး မှာ ဒုတိယနေရာက မန်စီးတီး အသင်းကို၂၂မှတ်အထိအသာရနေပါတယ်။သူတို့ဟာလာမယ့် စနေနေ့ညသန်းခေါင်ယံမှာ နော့ဝှစ်ချ်ကို အဝေးကွင်းမှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ဆာလတ်ဟာ ချဲဆီးလ်အသင်းနဲ့ အတူ ပရီးမီးယားလိဂ် အတွေ့အကြုံ အရင်ရရှိခဲ့ ဖူးတဲ့ ကစားသမား တဦးဖြစ်ပေမယ့်အဆင်မပြေဖြစ်ခဲ့လို့ စီးရီးအေကိုပြောင်းခဲ့ရပါသေးတယ်။အဲ့ဒီနောက်လီဗာပူးနဲ့အတူအင်္ဂလန်ကိုတကျော့ပြန်ရောက်လာပြီးရွှေဖိနပ်ဆုကို၂နှစ်ဆက်ဆွတ်ခူးထားတဲ့အထိခြေစွမ်းပြနေပါတယ်။

SPORTS MYANMAR