အေဂျက်ဇ် အသင်း ရဲ့ မော်ရိုကို လက်ရွေးစင် တောင်ပံ တိုက်စစ် ကစားသမား ဟာကင် ဇီယက်ချ် ဟာ မနေ့ကပဲ လာမယ့် နွေရာသီ အတွက် ပရီးမီးယားလိဂ် ကလပ် ချယ်လ်ဆီး အသင်း သို့ ယူရို သန်း ၄၀ နဲ့ ပြောင်းရွှေ့ လာဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ် ။

အခုလို ၂ဖက် အသင်း က အတည်ပြုချက် ကိုယ်စီ ထုတ်ပြန်ခဲ့ပြီးနောက် ၊ ဘောလုံးပွဲ သုံးသပ်သူ ၊ အပြောင်းအရွှေ့ ကျွမ်းကျင် ပညာရှင် တွေကလည်း ဇီယက်ချ် ဟာ ချယ်လ်ဆီး နဲ့ ဖရန့် လမ်းပတ် အတွက် အရမ်း အကျိုးရှိတဲ့ ခေါ်ယူမှု ဖြစ်ကြောင်း အသီးသီး မှတ်ချက် ပေးထားကြပါတယ် ။

ဇီယက်ချ် ကိုယ်တိုင် လည်း ချယ်လ်ဆီး အသင်း ကို ပြောင်းရွှေ့ လာခဲ့တာ အရမ်း ပျော်ရွှင်နေပုံ ရပြီး ၊ ၎င်းရဲ့ ဆိုရှယ် မီဒီယာ အကောင့် ဖြစ်တဲ့ Instagram ရဲ့ My day ကနေ ၎င်း ချယ်လ်ဆီး အသင်း သို့ ပြောင်းရွှေ့နိုင်ခဲ့ခြင်း အတွက် အသိ မိတ်ဆွေ တွေ ၊ အေဂျက်ဇ် နဲ့ မော်ရိုကို လက်ရွေးစင် အသင်းဖော် တွေ ဂုဏ်ပြုထားတဲ့ မက်ဆေ့ချ် တွေ တင်ထားခဲ့တာ ကို တွေ့ရပါတယ် ။

သို့ပေမယ့် ဇီယက်ချ် ဟာ ချယ်လ်ဆီး သို့ မပြောင်းလာခင် ဒီနှစ် ရာသီကုန် အထိ အေဂျက်ဇ် အသင်း မှာ ဆက်ရှိနေဦးမှာ ဖြစ်သလို ၊ နယ်သာလန် ပထမတန်းလိဂ် ချန်ပီယံဆု ကို ထပ်မံ ကာကွယ်ဖို့ ၊ ယူရိုပါလိဂ် မှာ ချန်ပီယံ ဖြစ်ဖို့ အတွက် ပစ်မှတ် ထားနေဆဲ ဖြစ်ပါတယ် ။

ချယ်လ်ဆီး နဲ့ လီဗာပူး ညာနောက်ခံလူဟောင်း ဂလင်း ဂျွန်ဆင် ကတော့ ဇီယက်ချ် ကို အခုလိုမျိုး ပြောင်းရွှေ့ကြေး ချိုချိုသာသာ နဲ့ ချယ်လ်ဆီး တို့ ခေါ်ယူနိုင်ခဲ့ခြင်း အတွက် အံ့သြ ဝမ်းသာ ဖြစ်နေသလို ၊ ဇီယက်ချ် ဟာ ဖရန့် လမ်းပတ် အတွက် အကျိုးရှိတဲ့ ခေါ်ယူမှု ဖြစ်တယ် လို့လည်း Talksports ရဲ့ အစီအစဉ် တခု မှာ အခုလိုပဲ သုံးသပ်ခဲ့ပါတယ် ။

ဂလင်း ဂျွန်ဆင် က ” ကျွန်တော် ကတော့ ဇီယက်ချ် ဟာ ချယ်လ်ဆီး အတွက် ကြီးကျယ်တဲ့ ခေါ်ယူမှု တခု ဖြစ်တယ် လို့ ထင်ပါတယ် ။ သူ့လို အရည်အသွေးမျိုး နဲ့ ထိပ်တန်း ကစားသမား တဦး ကို အခုလို မော်ဒန် ဘောလုံး လောက မှာ ဈေးပေါပေါ နဲ့ ရဖို့ မလွယ်တော့ပါဘူး ။ ဒါဟာ အရမ်း သက်သာတဲ့ ပြောင်းရွှေ့ကြေး တရပ် နဲ့ ဇီယက်ချ် ကို ချယ်လ်ဆီး တို့ ခေါ်ယူ နိုင်ခဲ့တာပါ ။ ”

” သူဟာ လွန်ခဲ့တဲ့ နှစ် အနည်းငယ် အတွင်း အေဂျက်ဇ် အသင်း ရဲ့ သွင်းဂိုး တွေမှာ ဘယ်လောက်ထိ ပါဝင် ပတ်သက်နေလဲ ဆိုတာ ကျွန်တော် တို့ အားလုံး သိထားကြပြီး ဖြစ်ပါတယ် ။ သူ့ရဲ့ စွမ်းဆောင်ရည် တွေက တကယ် အထင်ကြီးလောက်စရာပါ ။ နယ်သာလန် က သူ့ရဲ့ အရည်အချင်း တွေကို ပရီးမီးယားလိဂ် ဆီ အပြည့်အဝ ယူဆောင်လာနိုင်ရင်တော့ သူဟာ ချယ်လ်ဆီး အတွက် အမှန်တကယ် ကြီးကျယ်တဲ့ ခေါ်ယူမှု ဖြစ်ပါပြီ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ ရီးရဲလ် မက်ဒရစ် နဲ့ တော့တင်ဟမ် ကွင်းလယ်လူ ဟောင်း ရာဖေးလ် ဗန်ဒါဗတ် ကလည်း သူ့ အနေနဲ့ ဇီယက်ချ် ကို ၎င်းရဲ့ အသင်းဟောင်း တော့တင်ဟမ် သို့ ပြောင်းရွှေ့ စေချင်ပေမယ့် ၊ မဖြစ်လာခဲ့လို့ စိတ်မကောင်းကြောင်း နဲ့ ဇီယက်ချ် ကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ ဖရန့် လမ်းပတ် အနေနဲ့လည်း သူ့ရဲ့ အရည်အသွေး ကို အကောင်းဆုံး အသုံးချနိုင်မယ် လို့ မျှော်လင့်ကြောင်း ဆိုပါတယ် ။

ဗန်ဒါဗတ် က ” ဇီယက်ချ် ဟာ ထူးချွန်ပြီး အရည်အချင်း ရှိတဲ့ ကစားသမားပါ ။ သူ့ကို မှန်မှန်ကန်ကန် လမ်းညွှန် ပေးနိုင်တဲ့ နည်းပြ နဲ့ ဆိုရင် သူဟာ ဥရောပ တလွှား က ထိပ်တန်း ကလပ် အများအပြား မှာ ခြေစွမ်းပြ ကစားနိုင်စွမ်း ရှိပါတယ် ။ ဖရန့် လမ်းပတ် ဟာလည်း ဒီရာသီ မှာ သူ့ရဲ့ အရည်အချင်းကောင်း တွေကို သက်သေ ပြထားခဲ့ပြီးပါပြီ ။ ”

” ဒါကြောင့်မို့ သူဟာ ဖျော်ဖြေမှု ပေးတဲ့ တိုက်စစ် ကစားဟန် ကို ဘယ်လို အကွက်ချရမလဲ ဆိုတာ ကောင်းကောင်း သိထားလို့ နေပါတယ် ။ ကျွန်တော် ကတော့ ကစားသမား နဲ့ နည်းပြ အကြား လိုက်ဖက်မှု ရှိနေတယ် လို့ ယုံကြည်ပါတယ် ။ ကျွန်တော် တို့ရဲ့ MVP ကစားသမား တယောက် အေဂျက်ဇ် နဲ့ နယ်သာလန် ဘောလုံး လောက ကနေ ထွက်ခွာတော့မှာ မြင်ရတော့ စိတ်မကောင်း ဖြစ်မိပါတယ် ။ ”

” အခု ဇီယက်ချ် ဟာ ချယ်လ်ဆီး ကို ပြောင်းရွှေ့တော့မှာ ဖြစ်တဲ့ အတွက် သူ့ကို တော့တင်ဟမ် အသင်း ကို ပြောင်းရွှေ့ စေချင်ခဲ့တဲ့ ကျွန်တော့ ရဲ့ ဆန္ဒ တွေလည်း မှေးမှိန် ပျောက်ကွယ် သွားပါပြီ ။ ” ဆိုပြီး ၎င်းရဲ့ တရားဝင် တွစ်တာ အကောင့် ကနေ တဆင့် ရေးသား သွားခဲ့ပါတယ် ။

ဇီယက်ချ် ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ က အေဂျက်ဇ် အသင်း နဲ့ အတူ နယ်သာလန် ပြည်တွင်းလိဂ် ချန်ပီယံ ၊ နယ်သာလန် ပြည်တွင်း ရှုံးထွက် ဖလား ချန်ပီယံဆု တွေကို ဆွတ်ခူး နိုင်ခဲ့သလို ၊ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့် အထိ တက်ရောက် နိုင်ခဲ့ပါတယ် ။ ချယ်လ်ဆီး ကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု မရခင် ဇီယက်ချ် ကို တော့တင်ဟမ် ၊ အာဆင်နယ် တို့က စိတ်ဝင်စားခဲ့ဖူးပါတယ် ။

SPORTS MYANMAR