တစ်ချိန်တုန်းက လီဗာပူး ပရိတ်သတ်တွေ ကြားမှာ ဟီးရိုး တစ်ဦး ဖြစ်ခဲ့တဲ့ မာမာဒူဆာခို အတွက် ကတော့ ကစားသမား ဘ၀ မှာ အတက်အကျတွေ ကြမ်းလွန်း လှပါတယ်။ ပဲရစ်မှာ မွေးဖွား ခဲ့တဲ့ ဆာခိုဟာ မနေ့က သူ့အသက် ၃၀ ပြည့်မြောက်ခဲ့ပြီး အသက် ၁၇ နှစ် အရွယ် မှာတင် ပီအက်ဂျီ ရဲ့ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူ ခဲ့ရတာကြောင့် ပြင်သစ် နောက်ခံလူ ရဲ့ အလာအလားဟာ ဘယ်လောက်တောင် ကြီးမားသလဲ ဆိုတာ ဒါကို ကြည့်ရင် သိနိုင်ပါတယ်။

ပုံမှန် အတိုင်းဆိုရင် ဒီအသက် အရွယ် မှာတော့ ၎င်းအနေနဲ့ ကစားသမား ဘ၀ အမြင့်ဆုံး ကာလတွေကို ဖြတ်သန်း နေရမှာ ဖြစ်ပါတယ်။ လီဗာပူး ဟာ ၂၀၁၃ ခုနှစ်မှာ ဆာခို အတွက် ပီအက်ဂျီကို ပေါင် ၁၈ သန်း ပေးကာ အားကိုးတကြီး ခေါ်ယူခဲ့တာ ဖြစ်ပေမယ့် ၎င်းရဲ့ လီဗာပူး ကစားသမား ဘ၀ နှောင်းပိုင်းကာလတွေက မှားယွင်းတဲ့ လုပ်ဆောင်မှု တွေဟာ ယာဂန်ကလော့ ရဲ့ အပယ်ခံ ဖြစ်ခဲ့ရပြီး ခရစ်စတယ်ပဲလေ့စ်မှာ အငှား ကစားကာ ခြေစွမ်းပြ နိုင်ခဲ့ပြီးနောက် ၂၀၁၇ သြဂုတ်လမှာ ပေါင် ၂၆ သန်းနဲ့ ဆဲဟတ်ပက်ကို အပြီးသတ် ပြောင်းသွား ခဲ့ပါတယ်။

လက်ရှိမှာတော့ ဆာခိုဟာ ဆဲဟတ်ပတ် မှာ ဂယ်ရီကာဟေး ၊ ဂျိမ်းစ်တွန်ကင်း တို့ရဲ့ အရန်ကစားသမား ဖြစ်နေပြီး ဒီရာသီ ပဲလေ့စ် အတွက် ၈ ပွဲသာ ကစား ထားခဲ့ရတဲ့ အထိ ကျဆင်း သွားခဲ့ကာ ကစားသမား ဘ၀ အနာဂတ် အတွက် စိုးရိမ်စရာ အခြေအနေ ဖြစ်နေပါတယ်။ ဆာခိုဟာ အန်ဖီး ကစားသမား ဘ၀ အစောပိုင်းမှာ ပြင်သစ် လက်ရွေးစင် အသင်း အတွက် ပုံမှန် ရွေးချယ်ခြင်း ခံခဲ့ ရပေမယ့်လည်း ၂၀၁၅ ခုနှစ် နောက်ပိုင်း မှာတော့ ၂ ပွဲသာ ကစားခွင့် ရခဲ့ပါတယ်။

အသက် ၁၇ နှစ်အရွယ်မှာ ပီအက်ဂျီ ရဲ့ အသင်းခေါင်းဆောင် ၊ လီဗာပူးရဲ့ ပုံမှန် ပွဲထွက်ခွင့် ရတဲ့ အဓိက ကစားသမား အဖြစ် ကနေ တန်းမဆင်းရဖို့ ရုန်းကန် နေရတဲ့ ခရစ်စတယ်ပဲလေ့စ် နဲ့ လက်ရွေးစင် အသင်းမှာ နေရာရဖို့ အတွက် ခက်ခဲနေရတဲ့ အဖြစ်မှာ ဆာခို ဘာတွေ လုပ်ခဲ့သလဲ?

သေချာတာ ကတော့ စည်းကမ်းပိုင်းပဲ ဖြစ်ပါတယ်။ ဆာခိုဟာ ၂၀၁၄ ခုနှစ်က ပီအက်ဂျီ ကနေ ရောက်လာခဲ့ပြီးနောက်ပိုင်း လီဗာပူး ရဲ့ အရေးပါတဲ့ ကစားသမား အဖြစ် ရပ်တည် ခဲ့ကာ လီဗာပူး တို့ ချန်ပီယံ ဖြစ်ဖို့ နီးစပ် ခဲ့တဲ့ ၂၀၁၃-၁၄ ရာသီမှာ ပုံမှန် ပွဲထွက်ခွင့် ကစား ခဲ့ရတဲ့ အပြင် ၂၀၁၄-၁၅ ရာသီဝက်က ရလဒ်တွေ ဆိုးခဲ့တာကြောင့် ဘရန်ဒန်ရော်ဂျာ back three အဖြစ် ပြန်ပြောင်း ခဲ့ရာမှာလည်း ဆာခိုဟာ အဓိက လူအဖြစ် ပါဝင် ခဲ့ပါတယ်။

၂၀၁၅ အောက်တိုဘာလက ယာဂန်ကလော့ ရောက်လာခဲ့တဲ့ အချိန်မှာလည်း ဆာခိုဟာ ပုံမှန် ပွဲကစားခွင့် ဆက်ရခဲ့တဲ့ အပြင် မတ်လ ၂၀၁၆ က မန်ချက်စတာယူနိုက်တက် အသင်းကို ၂ ကျော့ပေါင်း ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ယူရိုပါလိဂ် ၁၆ သင်း ရှုံးထွက် အဆင့်မှာ နောက်တန်း ကနေ အထူး ခြေစွမ်းပြ ကစားခဲ့တာကြောင့် ပရိတ်သတ်တွေ ၊ မီဒီယာတွေရဲ့ ချီးကျူးမှုတွေ ခံခဲ့ ရပါတယ်။

အဲဒီနောက် ကွာတားဖိုင်နယ် အဆင့်မှာ လီဗာပူးတို့ ဒေါ့မွန်ကို အန်ဖီးမှာ အကောင်းဆုံး comeback နဲ့အတူ ၄-၃ နဲ့ နိုင်ခဲ့ရာမှာ ဆာခိုဟာ အသင်း အတွက် ဂိုးသွင်းယူ ပေးခဲ့ပြီး ဒီပွဲစဉ် ကတော့ ဆာခို အတွက်ကော လီဗာပူး အသင်း အတွက်ပါ တကယ့် အမှတ်တရ ဖြစ်နေမှာပါ။ ဆာခိုနဲ့ လော့ဗရန် တို့ဟာ အဆိုပါ ပွဲအပြီးမှာ တစ်ဦးနဲ့ တစ်ဦး ပခုံးဖက်ကာ စိတ်ဓာတ် လှုံ့ဆော် စကားတွေနဲ့ ရည်မှန်းချက်တွေ အကောင်အထည် ဖော်ဖို့ ပြောနေကြတာကို ကင်မရာ မှတ်တမ်းတွေ အရ မြင်ခဲ့ ရပါတယ်။

ဒါတွေကတော့ လီဗာပူး မှာ ဆာခို ရဲ့ အမြင့်ဆုံး ကာလတွေပဲ ဖြစ်ပါတယ်။ အဲဒီနောက် ဧပြီလမှာ အကျပိုင်း စတင်ခဲ့ပြီး ပြင်သစ် လက်ရွေးစင်ဟာ ယူနိုက်တက် နဲ့ ပွဲစဉ်အပြီး ဆေးကျ ခဲ့တာကြောင့် UEFA က တားမြစ်ဆေး သုံးစွဲ ခဲ့သလားဆိုတာ စုံစမ်း စစ်ဆေး သွားမယ်လို့ ကြေငြာခြင်း ခံခဲ့ရပါတယ်။ နောက်ပိုင်း သိခဲ့ရတာ ကတော့ ပြင်သစ် နောက်ခံလူဟာ UEFA က ခွင့်ပြုထားတဲ့ စာရင်းမှာ မပါတဲ့ အဆီကျဆေး တစ်မျိုးကို သုံးစွဲ ခဲ့တာ ဖြစ်ပါတယ်။

အမှန်တော့ ဆာခို အနေနဲ့ ဒီကိစ္စမှာ လီဗာပူး ဆေးအဖွဲ့နဲ့ တိုင်ပင်ကာ လုပ်ခဲ့သင့်တာ ဖြစ်ပေမယ့် ကိုယ့်သဘောနဲ့ကိုယ် တားမြစ်ထားတဲ့ အဆီကျဆေး ကို မသိဘဲ သုံးစွဲ ခဲ့တာကြောင့် ကနဦး ၁ လ ပွဲပယ်ခံခဲ့ ရပြီး ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ၊ ဖိုင်နယ် တွေကို လွဲချော် ခဲ့ရကာ ဒါတွေဟာ အသင်း အတွက် ထိခိုက် နစ်နာမှုတွေ ရခဲ့ပါတယ်။ ဒါ့အပြင် လီဗာပူးကို လမ်းကြောင်းမှန်ပေါ် ဆွဲတင် ပေးနေတဲ့ ကလော့ အတွက် အနှောက်အယှက် ဖြစ်ခဲ့ရပြီး အဲဒီမှာတင် လူသား စီမံခန့်ခွဲမှု ကောင်းပါတယ် ဆိုတဲ့ ဂျာမန် မန်နေဂျာ နဲ့ ဆက်ဆံရေး စတင် ပြိုလဲလာ ခဲ့ပါတယ်။

ယာဂန်ကလော့ဟာ ရာသီကြို ပြင်ဆင်မှု အဖြစ် ၂၀၁၆ US Tour မှာ ဒဏ်ရာ ရနေတဲ့ ဆာခိုကို အသင်းရဲ့ စည်းလုံး ညီညွတ်မှုပိုင်း စီမံကိန်း အတွက် အသင်းနဲ့ အတူ လိုက်ပါခွင့် ပြုခဲ့ ပါတယ်။ ဒါပေမယ့် ဒီခရီးစဉ်မှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေ ကတော့ ဆာခို နဲ့ ကလော့ ရဲ့ ဆက်ဆံရေးကို ပိုမိုး ဆိုးရွား သွားစေခဲ့ ပါတယ်။

ဆာခိုဟာ USA မှာ အသင်းနဲ့ ပူးပေါင်းဖို့ နောက်ကျ ခဲ့တဲ့ အပြင် medical treatment session တွေ ၊ အသင်းနဲ့ အတူ ထမင်းစားချိန်တွေလည်း နောက်ကျ ခဲ့ပြီး အသင်း ချမှတ် ထားတဲ့ စည်းကမ်းတွေကို ချိုးဖောက် ခဲ့ပါတယ်။ အဲဒီနောက် Alcatraz Island ခရီးစဉ်မှာ LFC TV နဲ့ ကလော့ရဲ့ အင်တာဗျူးကို လေးစားမှု မရှိတဲ့ ပုံစံနဲ့ အနှောက်အယှက် ဖြစ်စေခဲ့ပြီးနောက် မှာတော့ ဂျူလိုင်လ ၂၆ ရက်နေ့မှာ အိမ်ပြန်ပို့ခြင်းကို ခံလိုက် ရပါတယ်။

ဒါဟာ အသင်းမှာ ကလော့ ရဲ့ အာဏာကို စိန်ခေါ်မှု ဖြစ်ခဲ့တဲ့ အပြင် သူ့ကစားသမားတွေ ကြားမှာ စည်းကမ်းပိုင်း မကောင်းတဲ့ သူ ရှိနေခြင်းဟာ အသင်းရဲ့ ဟာမိုနီ နဲ့ ရည်မှန်းချက်တွေကို ထိခိုက် စေနိုင်တယ်လို့ တွေးမိ စေခဲ့ပါတယ်။

ကလော့ဟာ အင်တာဗျူး မှာ အမေရိကန်သို့ ဆာခို ပူးပေါင်းမှု နောက်ကျခဲ့တာကို ထုတ်ဖော် သွားခဲ့တဲ့ အပြင် ပြင်သစ် နောက်ခံလူကို သီးသန့်ထောင်မှာ ထားသွားမယ် ဆိုပြီး ဟာသ လုပ်ခဲ့မှုကို ကြည့်လိုက်ရင် ဒီနှစ်ကြား တင်းမာမှုကို သိနိုင်ပါတယ်။ ကလော့ ရဲ့ အမှတ်မထင် ပြောဆိုမှုဟာ ပိုမို နက်ရှိုင်း သွားခဲ့ပြီး လီဗာပူး မန်နေဂျာဟာ စည်းကမ်းပိုင်းဆိုင်ရာ အားနည်းတဲ့ ပြင်သစ် နောက်ခံလူကို သူ့အသင်းမှာ ဆက်မထားဖို့ စတင် စီစဉ် ပါတော့တယ်။

ကလော့ဟာ ၂၀၁၆-၁၇ ရာသီမှာတော့ ဆာခိုကို အသင်းကြီးနဲ့ မပူးပေါင်း စေတော့ဘဲ အရန် အသင်းမှာသာ ပွဲတွေ ကစား စေပါတော့တယ်။ ဒ့ါကြောင့်လည်း အခု ချိန်မှာ လီဗာပူး အသင်းမှာ ego တွေ လုံး၀ မရှိဘဲ အသင်းသားတွေ အားလုံးဟာ စည်းကမ်း ရှိပြီး စည်းလုံး ညီညွှတ် နေကြတာ ဖြစ်ပါတယ်။

အဲဒီနောက် ၂၀၁၆-၁၇ ရာသီဝက်မှာ ဆမ်အလာဒိုက်ဟာ လီဗာပူးရဲ့ အပယ်ခံ ကစားသမား ကို ပဲလေ့စ် ထံ ရာသီဝက် အငှား ခေါ်ယူ ခဲ့ပြီး အငှား ကစား ရမှာ ခြေစွမ်းပြ နိုင်ခဲ့တာကြောင့် ရာသီကုန်မှာ ကာလရှည် စာချုပ်နဲ့ လီဗာပူး ကနေ အပြီးသတ် ပြောင်းသွား ခဲ့ပါတယ်။ ဆာခိုဟာ ကလော့ ရဲ့ ပထမဦးဆုံး ရာသီမှာ အသင်းရဲ့ ခြေစွမ်း အကောင်းဆုံး ကစားသမားတွေ ထဲက တစ်ဦး ဖြစ်ခဲ့တာကြောင့် ဆာခိုကို ဒီလို ဖယ်ထုတ်လိုက်ခြင်းကို လီဗာပူး ပရိတ်သတ်တွေ နားမလည်နိုင် ဖြစ်ခဲ့ ပါသေးတယ်။

ဒါပေမယ့် ကလော့ ဟာ ဆာခိုရဲ့ နေရာမှာ ရှော်ကေး ကနေ အလွတ် ထွက်ခွာလာခဲ့တဲ့ မာတစ်ကို လော့ဗရန် နဲ့ တွဲဖက် စေခဲ့ပြီး ကင်မရွန်း လက်ရွေးစင် ကလည်း ခြေစွမ်းပြ ကစား ပေးနိုင် ခဲ့ပါတယ်။ အဲဒီနောက် ဂျိုးဂိုးမက်ဇ် ထွန်းတောက် လာခဲ့သလို ၂၀၁၈ ဇန်နဝါရီ မှာ ဗန်ဒိုက် ရောက်ရှိလာခဲ့ခြင်း ကတော့ လီဗာပူး ရဲ့ ခံစစ်ကိုသာမက တစ်သင်းလုံး ကို နောက်တစ်တဆင့် တက်ရောက် သွားစေခဲ့ပြီး အန်ဖီး ကလပ် ရဲ့ ခံစစ်ပိုင်း အပေါ် ကာလရှည် မေးခွန်းထုတ်မှုတွေ ရပ်တန့် သွားခဲ့ ပါတယ်။

ဆာခိုဟာ ပဲလေ့စ် မှာတော့ ဒဏ်ရာ ပြသနာတွေ ကြုံခဲ့ရပြီး ပထမရာသီမှာ ၁၉ ပွဲသာ ကစားပေး နိုင်ခဲ့သလို ဒုတိယ ရာသီမှာတော့ ၂၇ ပွဲ ကစားခဲ့ ရပေမယ့် ပြီးခဲ့တဲ့ နွေရာသီက ဂယ်ရီကာဟေး ရောက်လာချိန်မှာတော့ ပွဲထွက်ခွင့်တွေ အကန့်အသတ် ရှိသွား ခဲ့ကာ ဒီရာသီ မှာတော့ အရန် ကစားသမား ဖြစ်သွားခဲ့ပါတယ်။

လီဗာပူးဟာ လက်ရှိ အချိန်မှာတော့ ယာဂန်ကလော့ ရဲ့ ဦးဆောင်မှု နဲ့ အတူ ချန်ပီယံလိဂ်ဖလား ၊ ယူအီးအက်ဖ် စူပါဖလား ၊ ကလပ် ကမ္ဘာ့ဖလား တို့ကို ပိုင်ဆိုင် ထားကာ ဒီရာသီ ပရီးမီးယားလိဂ် ကိုလည်း သိမ်းပိုက် နိုင်ရန် သေချာ သလောက် ဖြစ်နေတဲ့ အထိ အမြင့်ဆုံး အနေအထားကို ရောက်ရှိ နေပါတယ်။

ဆာခို အနေနဲ့ သူ့ရဲ့ လီဗာပူး ကစားသမား ဘ၀ မှာတုန်းက စည်းကမ်းတကျ မနေထိုင်မှုတွေကို နောင်တတွေနဲ့ ပြန်လည် သုံးသပ် သွားဖို့ မျှော်လင့် ရပြီး လက်ကျန် ကစားသမား ဘ၀ မှာ အောင်မြင်မှုတွေ ရပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်။

SM