အာဆင်နယ် အသင်း နည်းပြ မီခေးလ် အာတီတာ က နယူးကာဆယ် အသင်းနဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ကာလမှာ အသင်းအတွက် အင်အား ဖြည့်တင်းဖို့ လိုအပ်နေတဲ့ နေရာတွေ အတွက် ကစားသမားသစ်တွေ ခေါ်ယူသွားမှာ ဖြစ်ကြောင်း အတည်ပြု ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ဒီဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ အားနည်း နေတဲ့ ခံစစ်ပိုင်းအတွက် ဖာလာမင်ဂို နောက်ခံလူ ပါဘလို မာရီ နဲ့ ဆောက်သမ်တန် နောက်ခံလူ ဆစ်ဒရစ် ဆောရက်စ်(အငှား) တို့ကို ခေါ်ယူ အင်အား ဖြည့်တင်း ခဲ့ပါတယ် ။

ဒါပေမယ့်လည်း အာဆင်နယ် အသင်းဟာ ခံစစ် နဲ့ ကွင်းလယ် အတွက် ကစားသမားသစ် ခေါ်ယူဖို့ လိုအပ် နေပါသေးတယ် ။ နည်းပြ အာတီတာ ကိုယ်တိုင်ကလည်း လာမယ့် ရာသီမှာ အသင်းရဲ့ ရည်မှန်းချက်ပေါ် မူတည်ပြီး ကစားသမားသစ်တွေ ခေါ်ယူသွားမယ်လို့ အရိပ်အမြွက် ဆိုလိုက်ပါတယ် ။

အာတီတာ က နယူးကာဆယ် အသင်းနဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ အာဆင်နယ် အသင်းရဲ့နွေရာသီ အပြောင်းအရွှေ့ အစီအစဉ်နဲ့ ပတ်သက်ပြီး ” သေချာပေါက် ကျနော်တို့ လာမယ့် နွေရာသီ အတွက် အစီအစဉ် ဆွဲထားရမှာပါ ။ ”

” ကျွန်တော်တို့ ဘယ်လမ်းကြောင်းကို ဦးတည် လျှောက်လမ်းချင်သလဲ ဆိုတာ သိဖို့ လိုအပ်ပါတယ် ၊ ကျနော်တို့ စိတ်ထဲမှာ ဘာတွေ မျှော်မှန်း ထားသလဲ ဆိုတာကိုပေါ့ ။ ကျနော့်ဘက်ကလည်း အသင်းမှာ လိုအပ်နေတဲ့ အရာတွေ ၊ တိုးတက်အောင် လုပ်ရမယ့် နေရာတွေ ၊ အသင်းရဲ့ အဓိက ရည်မှန်းချက်က ဘာလဲဆိုတာ ပြောပြဖို့ လိုအပ်ပါတယ် ။ ”

” ကျွန်တော်တို့ အားလုံးရဲ့ ရည်မှန်းထားတဲ့ အရာက တူညီတယ်ဆိုရင်တော့ အဲ့ဒါကို လက်တွေ့ အကောင်အထည်ဖော်ဖို့ အတူတကွ လုပ်ဆောင် သွားရမှာပါ ၊ လုပ်ငန်းစဉ်တွေကို တိုနိုင်သလောက် တိုအောင် ကြိုးစား ရမှာပေါ့ဗျာ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ပရီးမီးယားလိဂ်ရဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလ အပြီးမှာ အာဆင်နယ် အသင်းဟာ လာမယ့် နွေရာသီမှာ လီဟာဗရီ ကွင်းလယ်လူ ဂွီယီ နဲ့ လိုက်ပစ်ဇ် နောက်ခံလူ အူပါမီကာနို တို့ကို ခေါ်ယူဖို့ ပစ်မှတ် ထားထားတယ်လို့ သတင်းတွေ ထွက်ပေါ် နေခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ကတည်းက အူပါမီကာနို ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပြီး လိုက်ပစ်ဇ် အသင်း တောင်းဆိုတဲ့ ပေါင် ၅၅ သန်းနဲ့ အထက်ကို မပေးချေလိုတာကြောင့် အပြောင်းအရွှေ့ မဖြစ်မြောက်လာခဲ့တာလည်း ဖြစ်ပါတယ် ။

အူပါမီကာနို ဟာ လာမယ့် ရာသီကုန်ဆို လိုက်ပစ်ဇ်နဲ့ စာချုပ်သက်တမ်းကုန်တော့မှာလည်း ဖြစ်ပါတယ် ။ ဇန်နဝါရီလ အစောပိုင်းမှာတုန်းက Evening Standard ကတော့ အာဆင်နယ် အသင်းဟာ အူပါမီကာနို ကို ရောင်းချမယ့် စျေးကို လိုက်ပစ်ဇ်အသင်းထံ မေးမြန်း စုံစမ်းခဲ့ပြီး လိုက်ပစ်ဇ် အသင်းဘက်က ပေါင် သန်း ၇၀ အောက်နဲ့ ရောင်းချဖို့ ဆန္ဒ မရှိကြောင်း အကြောင်းပြန် ခဲ့တယ်လို့ ထုတ်ဖော် ရေးသားခဲ့ပါတယ် ။

အသက် ၂၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ပြင်သစ် နောက်ခံလူ အူပါမီကာနို ဟာ ဘောလုံးကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်ကစားနိုင်သလို ဘောလုံးအမြင်လည်း ရှိတဲ့ ခေတ်သစ် ဗဟိုနောက်ခံလူ တစ်ဦး ဖြစ်တာကြောင့် အာဆင်နယ် အသင်း နောက်တန်းကို ပိုမိုကောင်းမွန်စေလိမ့်မယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ် ။

SPORTS MYANMAR