• ဂျာမန် သတင်းစာ တစ်စောင်ကနေ ထုတ်ဖော် ရေးသားခဲ့တဲ့ မန်စီးတီး ရဲ့ ငွေကြေး ဆိုင်ရာ ဘဏ္ဍာရေး စည်းမျဉ်း ချိုးဖောက်မှု ကိစ္စနဲ့ ပတ်ပြီး ၊ ဥရောပ ဘောလုံး အဖွဲ့ချုပ်က မနေ့ညကပဲ ပြစ်ဒဏ်ချမှတ်လိုက်ပြီ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ချန်ပီယံလိဂ် ဝင်ရောက် ယှဉ်ပြိုင်ခွင့် 2 နှစ် အထိ ပိတ်ပင်လိုက်တာပါ။

မန်စီးတီးဟာ အသင်းရဲ့ ငွေကြေးလည်ပတ်ပုံတွေကို ကာမိအောင် ၊ စပွန်ဆာကြေး များများ ရှာဖွေနိုင်ခြင်း မရှိတာကြောင့် ၊ အဘူဒါဘီပိုင် လုပ်ငန်းတွေ ကနေ တဆင့် စပွန်ဆာတွေ တဆင့်ပေးပြီး ၊ FFP စည်းမျဉ်းကို လက်တစ်လုံးခြား လုပ်ကာ ၊ လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။ သို့သော် သူတို့ ဖော်ပြထားတဲ့ စပွန်ဆာကြေး ပမာဏဟာ ပြင်ပ ပေါက်ဈေးတွေ နဲ့ ချိန်ညှိရာမှာတော့ ယုတ္တိဆန်မှု အားနည်းတာကြောင့် ၊ အခုလို အရေးယူခံရဖို့ ဦးတည်လာခဲ့တာပါ။

မန်စီးတီး အတွက် ဥရောပ ဘောလုံး အဖွဲ့ချုပ်ကပဲ အရေးယူမှာ မဟုတ်ပဲ ၊ ပရီးမီးယားလိဂ် ကလဲ စုံစမ်းမှုတွေ ပြုလုပ်နေဆဲ ဖြစ်ပြီး ၊ အမှတ်လျှော့ ပြစ်ဒဏ်တွေဆက်လက် ကျခံရဖွယ်ရှိနေပါသေးတယ်။ လက်ရှိမှာတော့ မန်စီးတီး သာ အဆင့် 4 အတွင်း ဝင်ရောက်ပြီး ချန်ပီယံလိဂ် ကစားခွင့် မရဘူး ဆိုရင် အဆင့် 5 နေရာက အသင်းက လွှဲပြောင်းရယူဖွယ် ရှိနေပါတယ်။

• အက်စ်တွန်ဗီလာ အသင်းရဲ့ နည်းပြကြီး ဒိန်း စမစ် က လာမယ့် စပါးနဲ့ ရင်ဆိုင်မယ့် ပွဲစဉ်မှာ ၊ မော်ရင်ဟို ရဲ့ ဗျူဟာတွေကို နားလည်ထားတဲ့ သူ့ရဲ့ လက်ထောက်နည်းပြ ဂျွန်တယ်ရီ ရဲ့ အကူအညီတွေ နဲ့ အတူ ရလာဒ်ကောင်း တစ်ခုရယူဖို့ ပစ်မှတ်ထားနေပါတယ်။ တယ်ရီဟာ ချဲဆီးရဲ့ အမြင့်ဆုံး ပျံသန်းခဲ့တဲ့ အခိုက်အတန့်တွေ မှာ မော်ရင်ဟို ရဲက လက်အောက်မှာ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူ ကစားပေးခဲ့သူ ဖြစ်ပါတယ်။

• Rumour : လက်စတာ အသင်းရဲ့ ကွင်းလယ် ကစားသမား မက်ဒီဆွန် ဟာ စာချုပ်သစ် ကမ်းလှမ်းမှုကို စိတ်မဝင်စားပဲ ၊ ယူနိုက်တက် ရဲ့ ခေါ်ယူမယ့် သတင်းကို ပိုပြီး အာရုံစိုက်မိနေတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာလျှက် ရှိနေပါတယ်။ မက်ဂွိုင်းယား ရဲ့ လမ်းကြောင်းကို လိုက်တော့မှာလား?

• အာဆင်နယ် နည်းပြ အာတီတာ ဟာ တိုက်စစ်မှုး အူဘာမီးယန်း ကို ဆက်ထိန်းဖို့ အတွက် ခက်ခက်ခဲခဲ လုပ်ဆောင်ရဖွယ် ရှိနေပါတယ်။ အထူးသဖြင့် ဂါဘွန်တိုက်စစ်မှုးဟာ သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းတွေ မပျောက်ကွယ် သွားခင် ၊ ချန်ပီယံလိဂ် ကစားခွင့် ရချင်တဲ့ အချက်ကို စွဲကိုင်ကာ ၊ အာဆင်နယ် ကနေ ရာသီ အကုန်မှာ ထွက်ခွာဖို့ စိတ်ကူးထားတာပါ။ ဒီရာသီမှာ အာဆင်နယ် သာ အဆင့် 4 အတွင်း မဝင်ခဲ့ဘူး ဆိုရင် ၊ သူ့ကို ကမ်းလှမ်းဖို့ ဘာစီလိုနာ ၊ အင်တာမီလန် တို့က စိတ်ဝင်စားလျှက် ရှိနေပါတယ်။

• မန်စီးတီး ဟာ အဆင့် 4 အတွင်း ဝင်ရောက်ပြီး ၊ ချန်ပီယံလိဂ် ကစားခွင့် မရတဲ့ ပုံစံမျိုး ရာသီအကုန်မှာ ဖြစ်ခဲ့ရင် UEFA က အဆင့် 5 နေရာ က အသင်းကို လွှဲပေးဖို့ ပြောဆိုထားပါတယ်။ လက်ရှိမှာတော့ အဆင့် 5 နေရာကို ရှဖီး ယူနိုက်တက် အသင်းက ရပ်တည်နေတာပါ။ အဆင့် 5 နေရာက ရှဖီး ယူနိုက်တက် နဲ့ အဆင့် 9 နေရာက ယူနိုက်တက် တို့အကြား အမှတ်ကွာဟမှုဟာ 4 မှတ်သာ ရှိနေတာ ဖြစ်ပါတယ်။

• ဟာလန်း ဂိုးသွင်းပြန်ပြီဗျာ………မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ ဂျာမန် ဘွန်ဒက်လီဂါ ပွဲစဉ်မှာ ဒေါ့မွန်ဟာ ဖရန့်ဖတ် အသင်းကို 4-0 နဲ့ အနိုင်ယူပြသွားခဲ့ပါတယ်။ ဒေါ့မွန် အတွက် ဂိုးတွေ ကို ဟာလန်း ၊ ဆန်ချို ၊ ပီဆက် နဲ့ ဂွါရဲရိုး တို့က သွင်းယူပေးသွားခဲ့တာပါ။ ဟာလန်းဟာ ဒေါ့မွန် ဒုတိယ ရာသီဝက်မှ ရောက်ရှိလာတာ ဖြစ်ပေမယ့် ၊ သူ့ထက် ဘွန်ဒက်လီဂါမှာ သွင်းဂိုးများတဲ့သူ ဆိုလို့ 8 ဦးသာ ရှိတော့သာ ဖြစ်ပါတယ်။

• ပေါ့ဘာဟာ ဒီရာသီ အကုန်မှာ ယူနိုက်တက် နဲ့ လမ်းခွဲဖို့ ပြင်ဆင်နေတာပါ။ သို့သော်လဲ သူ့အတွက် ကလပ်အသင်းက လိုချင်တဲ့ ပြောင်းရွှေ့ကြေး ပမာဏ ဟာ ပေါင် သန်း 80 အထိ ရှိနေတဲ့ အချက်က ၊ သူ့ကို ခေါ်ယူချင်တဲ့ အသင်းတွေ အတွက် အတားအဆီး တစ်ခုတော့ ဖြစ်လာဖွယ် ရှိနေပါတယ်။

• လာဇီယို အသင်းဟာ ချဲဆီး တိုက်စစ်မှုး ဂျရူး ကို အကြို သဘောတူညီမှု နဲ့ စာချုပ် ချုပ်ဆိုထားနိုင်ဖို့ တရားဝင် ချဉ်းကပ်လာခဲ့ပါတယ်။ သို့သော် ကစားသမားကတော့ ရာသီ အကုန်မှာ သူ့အတွက် ရွေးချယ်စရာတွေ ပိုပြီး များလာနိုင်တာကြောင့် ၊ အခြေအနေကို စောင့်ကြည့်ပြီးမှ ဆုံးဖြတ်ချက် ချချင်တဲ့ အကြောင်း စီးရီးအေ ကလပ်ဘက်ကို တုန့်ပြန်သွားခဲ့ပါတယ်။

• စပါး အသင်းဟာ သူတို့ရဲ့ ကွင်းလယ် ကစားသမား အဲရစ်ဒိုင်ယာ ကို စာချုပ်သစ် သဘောတူညီမှု ရအောင် ဆွေးနွေးနိုင်ခြင်း မရှိခဲ့ပါက ၊ နွေရာသီမှာ ရောင်းချဖို့ စိတ်ကူးထားပါတယ်။ လက်ရှိမှာ အဆိုပါ အင်္ဂလန် ကစားသမားကို ခေါ်ယူဖို့ ယူနိုက်တက် က မျက်စိကျနေတာပါ။

• လိုက်ပ်ဇစ် အသင်းရဲ့ မန်နေဂျာ နာဂယ်လ်စ်မန် က သူ့အနေနဲ့ ရီးရဲ မက်ဒရစ် ရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ပေမယ့် ၊ အဲဒီ ရာထူးမျိုးအထိ ရယူဖို့ အသင့်မဖြစ်သေးဘူးလို့ ယုံကြည်ခဲ့တာကြောင့် ပယ်ချခဲ့ဖူးကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

• ရီးရဲ မက်ဒရစ် အသင်းဟာ သူတို့ရဲ့ ကာကာလက်သစ် ဘရာဇီး ကွင်းလယ် ကစားသမားလေး ရွိုင်နီယာ ကို လာမယ့် အင်္ဂါနေ့မှာ မီဒီယာတွေ နဲ့ တရားဝင် မိတ်ဆက်ပွဲ ပြုလုပ်သွားမှာ ဖြစ်တဲ့အကြောင်း သတင်းတွေ ထွက်ပေါ်လာလျှက် ရှိနေပါတယ်။

• အီတလီ သတင်းတွေ ကတော့ မန်စီးတီး ရဲ့ ချန်ပီယံလိဂ် ပြစ်ဒဏ်နဲ့ အတူ ပက်ဂွာဒီယိုလာ ဟာ ဂျူဗီ နည်းပြဖြစ်လာဖို့ ရာခိုင်နှုန်း များနေတယ်လို့ ဆိုလိုက်ပါတယ်။ လက်ရှိ နည်းပြ ဆာရီသာ လက်ကျန်ရာသီ အချိန်မှာ ဆုဖလားတွေ ကိုင်မြှောက်နိုင်ခြင်း မရှိပါက ၊ အပြောင်းအလဲတွေဟာ သေချာပေါက် ပေါ်ပေါက်လာဖွယ် ရှိနေပါတယ်။

• ဘာစီလိုနာ နဲ့ ရီးရဲ မက်ဒရစ် တို့ဟာ အင်တာမီလန် တိုက်စစ်မှုး မာတီနက် ကို အပြိုင် ချဉ်းကပ်မှုတွေ ပြုလုပ်လျှက် ရှိနေပါတယ်။ သူတို့ရဲ့ ကြိုးစားနေပုံဟာ ကစားသမား ရဲ့ စာချုပ် ဖျက်သိမ်းခွင့် ယူရို 111 သန်း က အဓိက အကြောင်းအရင်း မဟုတ်ပဲ ၊ အသင်းအတွက် ခေါ်ယူနိုင်ဖို့ အဓိက ဆိုတဲ့ ရည်ရွယ်ချက်တွေ နဲ့ ချဉ်းကပ်နေတာပါ။ အင်တာမီလန် ဟာ မာတီနက် ကို ဆုံးရှုံးရမယ် ဆိုရင် အာဆင်နယ် က အူဘာမီးယန်း ကို အရ ခေါ်ယူဖို့ ဖို့တော့ ရံထားလျှက် ရှိနေပါတယ်။

• FFP စည်းမျဉ်း နဲ့ ပတ်သက်ပြီး မန်စီးတီး နဲ့ PSG တို့ကို အရေးယူဖို့ တစ်စိုက်မတ်မတ် တောင်းဆိုလာတဲ့ လာလီဂါ ဥက္ကဌ တီဗက် က မနေ့ညက UEFA ရဲ့ မန်စီးတီး အပေါ် ပြစ်ဒဏ်ချမှတ်မှုနဲ့ ပတ်သက်ပြီး ဂုဏ်ယူမိတဲ့ အကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

 

SPORTS MYANMAR