ဒီတစ်ပတ် ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စား စရာ အကောင်းဆုံး ပွဲစဉ် ကတော့ နောက်ဆုံး ကန်သွား ရမယ့် ပွဲစဉ် ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ တနင်္လာနေ့ညမှာ မန်ချက်စတာယူနိုက်တက် အသင်းကို စတန်းဖို့ဒ်ဘရစ်ချ်မှာ လက်ခံ ကစား သွားရမှာ ဖြစ်ပြီး ဒီပွဲကိုသာ အနိုင်ရခဲ့မယ် ဆိုရင် အဆင့် ၄ နေရာက ဖရန့်လမ်းပတ်ရဲ့ အသင်းဟာ ဆိုးရှားရဲ့ အသင်းကို ၉ မှတ်အထိ ဖြတ်ထား လိုက်နိုင်မှာ ဖြစ်ပါတယ်။

ဒါဆိုရင်တော့ သရဲနီ တို့ အတွက် လာမည့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ မျှော်လင့်ချက်တွေ အတော် ေ၀ဝါး သွားမှာ သေချာ ပါတယ်။ လမ်းပတ် ရဲ့ အပြာရောင် အသင်းသား တွေဟာ အိမ်ကွင်း အားသာချက်ကို အပြည့်အ၀ ရယူ သွားမှာ ဖြစ်ပေမယ့် ယူနိုက်တက်ဟာ ဒီရာသီ မှာ အဝေးကွင်း ရလဒ်ကောင်း အချို့ ရယူ နိုင်ခဲ့ပြီး မြိုခံပြိုင်ဘက် မန်စီးတီး ကို ၂ ကြိမ် နိုင်ထား ခဲ့တာကိုတော့ မထည့်တွက်လို့ မရပါဘူး။

မယ်ရာရဲ့ ပင်တိုင် ဆောင်းပါးရှင် ဖြစ်သူ ဆားဗေ့ချက် ကတော့ တနင်္လာနေ့ညမှာ ကစား ရမယ့် ပွဲကြီးပွဲကောင်းမှာ အိမ်ရှင် အသင်းဟာ မန်ချက်စတာ မြို့ခံ အသင်းကို ပွတ်ကာ သီကာ အနိုင်ယူကာ ကြေကွဲ စေမယ်လို့ ယူဆ နေပါတယ်။

စပါး အသင်း သူတို့ရဲ့ top 4 မျှော်လင့်ချက် ရေးရေး အတွက် တန်းမဆင်း ရဖို့ ရုန်းကန် နေရတဲ့ အက်စတွန်ဗီလာ အသင်းကို အနိုင် ကစား သွားရန် ပစ်မှတ် ထားနေ ပါတယ်။ ဒီနှစ်သင်း အဖွင့်ပွဲစဉ် မှာ တွေ့ဆုံ ခဲ့တုန်းကတော့ အက်စတွန်ဗီလာဟာ အိမ်ရှင် အသင်းကို ပွဲချိန် အများစု အနိုင် ကစား ထားခဲ့ပေမယ့် ဟယ်ရီကိန်း ရဲ့ နောက်ကျဂိုးတွေနဲ့ ရှုံးခဲ့ ရပါတယ်။

အက်စတွန်ဗီလာဟာ စပါးနဲ့ နောက်ဆုံး တွေ့ဆုံ ခဲ့တဲ့ အိမ်ကွင်း ပွဲစဉ် ၈ ပွဲမှာ နိုင်ပွဲ ပျောက်ခဲ့ပြီး ၂ ပွဲသရေ ၆ ပွဲ ရှုံးနိမ့် ခဲ့ပြီး တော့တင်ဟမ် ကတော့ လွန်ခဲ့တဲ့ ၂၀၁၂ ဧပြီလက ကျူပီအာ ကို ရှုံးနိမ့် ခဲ့ပြီး နောက်ပိုင်း တန်းတက် တွေနဲ့ ကစားခဲ့တဲ့ နောက်ဆုံး ပရီးမီးယားလိဂ် အဝေးကွင်း ၂၂ ပွဲမှာ ရှုံးပွဲ မရှိ ခဲ့ဘဲ ၁၈ ပွဲနိုင် ၄ ပွဲ သရေ ကျခဲ့ပါတယ်။ ဘလက်ဘန်း ကွင်းလယ်လူဟောင်း ကတော့ ဟိုဆေးမော်ရင်ညို ရဲ့ အသင်း ခက်ခက်ခဲခဲနဲ့ အနိုင် ၃ မှတ် ရယူ သွားမယ်လို့ ခန့်မှန်း သွားပါတယ်။

အဆင့် ၄ နေရာက အသင်းနဲ့ ၁၀ မှတ်အထိ ကွာဟ နေပြီး ဒီရာသီ ယူရိုပါလိဂ် ဝင်ခွင့် ရဖို့ သေချာအောင်သာ အဓိက ပစ်မှတ် ထားရဖို့ ရှိနေတဲ့ မီခေးအာတီတာ ရဲ့ အသင်းဟာ အိမ်ကွင်းမှာ အမှတ်တူ အဆင့် ၁၂ မှာ ရပ်တည် နေတဲ့ နယူးကာဆယ်ကို လက်ခံ ကစား သွားရမှာပါ။ အာဆင်နယ်ဟာ ဒီရာသီ အဖွင့်ပွဲစဉ် တုန်း ကတော့ အူဘာမီယန်း ရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ စိန့်ဂျိမ်းပက်မှာ အောင်ပွဲ ခံနိုင် ခဲ့ပါတယ်။

အာဆင်နယ် ကတော့ နယူးကာဆယ် နဲ့ တွေ့တိုင်း ရလဒ်ကောင်းလေ့ ရှိတဲ့ အစဉ်အလာ ကောင်းကို ပိုင်ဆိုင် ထားပြီး နောက်ဆုံး လိဂ်ပွဲစဉ် ၁၄ ပွဲမှာ ၁၃ ပွဲထိ နိုင်ထား ခဲ့ပြီး တစ်ပွဲသာ ရှုံးခဲ့ ပါတယ်။ အာတီတာ ရဲ့ လက်အောက်မှာ ပုံစံကောင်း ရလာ ခဲ့တဲ့ အာဆင်နယ်ဟာ ၂၀၂၀ ခုနှစ်အတွင်း ပြိုင်ပွဲစုံ ရှုံးပွဲ လုံး၀ မရှိခဲ့ဘဲ ၃ ပွဲနိုင် ၄ ပွဲသရေ ကျထားခဲ့ကာ နယူးကာဆယ် ကတော့ အာဆင်နယ်ကို အဝေးကွင်းမှာ လာကစား ခဲ့တဲ့ နောက်ဆုံး ၇ ပွဲစလုံး ရှုံးထား ခဲ့ပါတယ်။ ဆားဗေ့ချ် ကတော့ ဂန်းနား တို့ အမ်းမရိတ်မှာ Clean sheet နဲ့ အနိုင် ရသွားမယ်လို့ ဆိုခဲ့ ပါတယ်။

တစ်ချိန်တည်း မှာပဲ အမှတ်ပေးဇယား ရဲ့ ထိပ်ဆုံး နေရာမှာ ၂၂ မှတ် အသာ နဲ့ ဦးဆောင် နိုင်ခဲ့တဲ့ လီဗာပူး ကတော့ တန်းဆင်းဇုန်ရဲ့ အောက်ဆုံးနေရာက နော့ဝှစ်ကို ကာရိုးရုတ်မှာ သွားကစား ရဖို့ ရှိနေပြီး ကလော့ ရဲ့ အသင်းဟာ ဇယားထိပ်မှာ ရမှတ် ပိုမို ဖြတ်နိုင် အုံးမယ့် ပုံပါပဲ။ ဆားဗေ့ချ် ကလော့ရဲ့ အသင်း နိုင်ပွဲဆက် သွားအုံးမယ်လို့ ခန့်မှန်း လိုက်ပြီး ကာရိုးရုတ်မှာ မထင်မှတ်ဘဲ အကြိတ်အနယ် ဖြစ်မယ့် ပွဲကောင်းကို မြင်တွေ့ ရမယ်လို့ သုံးသပ် သွားပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်က ရာသီဥတု ဆိုးရွားမှုကြောင့် ပွဲရွေ့လိုက်တဲ့ မန်စီးတီး နဲ့ ဝက်ဟမ်း တို့ရဲ့ ပွဲစဉ် ကတော့ ဗုဒ္ဓဟူးနေ့မှာ ပြန်ကန် သွားမှာ ဖြစ်ပါတယ်။ ဝက်ဟမ်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံး ခဲ့တာကြောင့် တန်းဆင်းဇုန်ထဲ ကျရောက် သွားခဲ့ပြီး အထူး သဖြင့် ခံစစ် ကစားပုံ ကတော့ အတော်ဆိုးနေပြီး ပေးဂိုးတွေ များနေ ခဲ့ပါတယ်။

ဒါ့အပြင် ဝက်ဟမ်း ဟာ ဒီပွဲကနေ စပြီး တကယ့် ပွဲကျပ် ကာလကြီးကို ဖြတ်ကျော် သွားရမှာ ဖြစ်ကာ မုန်တိုင်းထန်တဲ့ ကာလ တစ်ခုကို ဖြတ်သန်း သွားရမှာပါ။ စီးတီး အတွက် ကတော့ လွယ်ကူတဲ့ နိုင်ပွဲ တစ်ပွဲ ဖြစ်လာမယ်လို့ ဝေးလ်လက်ရွေးစင်ဟောင်း က ဆိုခဲ့ ပါတယ်။

ရော်ဘီဆားဗေ့ချ်ရဲ့ ခန့်မှန်းချက်တွေ ကတော့ …

ဆောက်သမ်တန် ၁ – ၁ ဘန်လေ
နော့ဝှစ် ၀ – ၃ လီဗာပူး
အက်စတွန်ဗီလာ ၀ – ၁ တော့တင်ဟမ်
အာဆင်နယ် ၂ – ၀ နယူးကာဆယ်
ချဲလ်ဆီး ၂ – ၁ မန်ချက်စတာယူနိုက်တက်

ပွဲကျန်

မန်စီးတီး ၄ – ၀ ဝက်ဟမ်း

SM