ဒီရာသီ ဥရောပ ထိပ်သီးလိဂ် ပြိုင်ပွဲတွေမှာ ပြည်တွင်း အမှတ်ပေးဖလားပွဲစဉ် လုံး၀ ရှုံးပွဲ မရှိသေးတဲ့ အသင်းဆိုလို့ လီဗာပူး တစ်သင်းသာ ရှိတော့သာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ပရီးမီးယားလိဂ် လိုနေရာမျိုးမှာ မန်စီးတီး ကို ကျော်ဖြတ်ကာ ချန်ပီယံ သရဖူဆု ကို အစောဆုံး သိမ်းပိုက်မယ့် အသင်းအဖြစ် ရပ်တည်နေတာတွေ ၊ ကမ္ဘာ့ချန်ပီယံ ၊ ဥရောပ ချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်တွေကို သိမ်းပိုက် ထားနိုင်မှုတွေက လီဗာပူး ကို ကမ္ဘာ့အကောင်းဆုံး ကလပ် တစ်ခုအဖြစ် ပရိသတ်တွေက တင်စားလာကြတာပါ။နည်းပြကြီး ကလော့ပ် ကတော့ အဲဒီလို ပြောဆိုမှုတွေ နဲ့ ပတ်သက်ပြီး အခုလို တုန့်ပြန် လာခဲ့ပါတယ်။

 

“ အကောင်းဆုံး အသင်းတစ်သင်းလို့ ပြောဆိုမှုတွေက ဘာကြောင့် ပြောတယ်ဆိုတာ ကျနော်လဲ မသိပါဘူး။ ဒါပေမယ့် အဆိုးဆုံး အသင်းလို့ သတ်မှတ်ခံရတာ ထက်စာရင် ၊ ဒီလို ပြောခံရတာ က ပိုကောင်းတာပေါ့ဗျာ။ပုံမှန်အားဖြင့် ဆိုရင်တော့ ကမ္ဘာ့အကောင်းဆုံး ကလပ်လို့ ပြောလိုက်ရင် လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ ဘာစီလိုနာ ၊ ရီးရဲ မက်ဒရစ် တို့ကိုပဲ ပြေးမြင်ကြသလို ၊ ပြီးခဲ့တဲ့ နှစ်နှစ် ပိုင်းလောက် က ဆိုရင်တော့ မန်စီးတီး ကိုပဲ ပြောနေကြတာလေ။

ကျနော်တို့ အသင်းမှာ ရှိတဲ့ စိတ်ဓါတ်ခံယူချက်တွေ ၊ စိန်ခေါ်မှုတွေ ကို ရဲရဲ ရင်ဆိုင်မယ် ဆိုတဲ့ ပုံစံတွေ နဲ့ ကစာသမားကောင်းတွေ ပေါင်းစပ်နေတဲ့ အချက်ကတော့ တော်တော်လေးအားရစရာပါ။ ဒါပေမယ့် ကျနော့်ရဲ့ စိတ်ထဲမှာတော့ လီဗာပူးဟာ ကမ္ဘာ့အကောင်ဆုံး ထိပ်သီး ကလပ်တွေ ထဲက အသင်း တစ်သင်းလို့ပဲ သတ်မှတ်ထားပါတယ်” လို့ ပြန်လည် တုန့်ပြန်သွားခဲ့ပါတယ်။

အသင်းတစ်သင်းဟာ အဲဒီလို အောင်မြင်မှုတွေ ဆက်တိုက် ရယူနိုင်ပြီ ဆိုရင် ကစားသမား ခေါ်ယူမှု အပိုင်းတွေမှာ တော်တော်လေး လွယ်ကူလာသလို ၊ ထိပ်တန်း ကစားသမားတွေ ကို စည်းရုံးရေး ဆင်းရတာလဲ မခက်တော့ပါဘူး။ သို့သော် လီဗာပူး နည်းပြကြီး ကတော့ ပရိသတ်တွေ ရဲ့ အမြင်နဲ့ သူ့အမြင် မတူတဲ့ အကြောင်းကိုလဲ အခုလို ချပြသွားခဲ့ ပြန်ပါတယ်။

“ ကစားသမားတွေ ရဲ့ အမြင်မှာ ကလပ်အသင်းက အောင်မြင်မှုတွေ ရယူနိုင်ပြီ ဆိုရင် ၊ အပြောင်းအရွှေ့ ကိစ္စတွေက လုပ်ဆောင်ရတာ ပိုလွယ်တယ်ပေ့ါ။ ဒါပေမယ့် ကျနော့် ဘက်မှာတော့ ပိုပြီးတော့ ခက်သွားတယ်ဗျ။ ဘာလို့လဲ ဆိုတော့ အောင်မြင်မှုတွေ ရပြီးသား အသင်းတစ်သင်းမှာ ကစားသမားသစ်က ဘယ်နေရာမှာ ဝင်ပြီး ကစားပေးနိုင်မလဲ ဆိုတဲ့ မေးခွန်းက ဖြေရတာ မလွယ်ဘူးလေ။

သူတို့ကလဲ ကစားခွင့် ရချင်ကြတာပဲ မဟုတ်လား။ကျနော်တို့ ကတော့ လက်ရှိ အသင်းရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်ခွင့်ရချင်တဲ့ ဘောလုံးသမားမျိုးတွေကိုပဲ လိုချင်ပါတယ်။ သူတို့ဟာ တစ်နေရာစာ အတွက် တိုက်ပွဲဝင်ချင်တဲ့ သူတွေ ၊ နောက်တစ်ဆင့်ကို တက်လှမ်းတဲ့ အချိန်မှာ အချင်းချင်း လက်တွဲ တိုက်ပွဲဝင်ချင်တဲ့ သူမျိုးတွေ နဲ့ သူတို့ရဲ့ စွမ်းဆောင်ရည်တွေလဲ တိုးတက်ချင်တဲ့ ကစားသမားတွေပေါ့။လက်ရှိမှာလဲ အဲဒီလို ကစားသမားမျိုးတွေ ရှိထားပြီးသားပါ။ ဒါပေမယ့် အသင်းကို လာချင်တယ် ဆိုတဲ့လူတွေ အနေနဲ့လဲ အဲဒီလို စိတ်ဓါတ်နဲ့ ခံယူချက်တွေ ရှိဖို့ လိုပါလိမ့်မယ်” လို့ ချပြသွားခဲ့ပါတယ်။

ဒီမနက် ထွက်ပေါ်လာတဲ့ သတင်းတွေ အရ လီဗာပူးဟာ ထိပ်တန်း ကစားသမား တစ်ယောက် အတွက် ငွေကြေး အမြောက်အများသုံးစွဲကာ ခေါ်ယူဖို့ အစီအစဉ် မရှိဘူးလို့ သိရပြီး ၊ အသင်းအတွက် တကယ်လိုအပ်တဲ့ နေရာ တစ်ချို့မှာ ပေါင် သန်း 50 ဝန်းကျင်သာ အများဆုံး သုံးစွဲမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ လိုက်ပ်ဇစ် အသင်းရဲ့ တိုက်စစ်မှုး တီမို ဗာနာ နဲ့ နော့ဝှစ် ကွင်းလယ် ကစားသမားလေး ကန့်ဝဲတို့ကို စောင့်ကြည့်လျှက် ရှိနေပါတယ်ကမ္ဘာကျော် လူငယ် ကစားသမားလေး ပေါများလွန်းတဲ့ တောင်အမေရိကား ဈေးကွက်နဲ့ ပတ်သက်လို့တော့ သူတို့ရဲ့ အမြင်နဲ့ ပတ်သက်ပြီး အခုလို မှတ်ချက်ပေးသွားခဲ့ပြန် ပါတယ်။

“ တောင်အမေရိကား ဈေးကွကို လွှမ်းမိုးထားတဲ့ ကလပ်က နှစ်သင်း ရှိပါတယ်။ သူတို့က ဘာစီလိုနာ နဲ့ ရီးရဲ မက်ဒရစ်ပါ။ သူတို့ ကလပ်တွေ ရဲ့ အောင်မြင်မှုတွေက စွဲဆောင်မှု တစ်ခုဖြစ်သလို ၊ ဘာသာစကား ဆိုင်ရာ ရင်းနှီးမှု နဲ့ ယဉ်ကျေးမှုတွေ နီးစပ်နေတဲ့ အချက်ကလဲ အားသာစေပါတယ်။

ဒါကြောင့်မို့ သူတို့ အသင်းတွေ ဝင်လာပြီ ဆိုရင် အခြားကလပ်တွေ အတွက် အခက်တွေ့စေပါတယ်။ သတင်းကောင်း တစ်ခုက သူတို့ ကလပ် နှစ်သင်းကလွဲရင် အခြား ကလပ်ပေါင်း 500 ကတော့ ကျနော်တို့ဆီ က ကစားသမားကောင်းတွေ ခေါ်ယူဖို့ မလွယ်သေးပါဘူး” လို့ ပြောဆိုသွားခဲ့ ပါတယ်။
SPORTS MYANMAR