မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာ ဟာ ဒီနှစ် ရာသီ ရဲ့ ပွဲစဉ် အတော် များများ ကို ဒဏ်ရာ ကြောင့် လွဲချော် ခဲ့ပါတယ် ။ ဒါကြောင့် ပြင်သစ် ကွင်းလယ်လူ ဟာ ယူနိုက်တက် အတွက် အကူ အညီ မပေး နိုင်ဘဲ လီဗာပူး အသင်း က စိုးမိုး ခြယ်လှယ် နေမှု ကို TV ကနေ ထိုင်ကြည့် နေခဲ့ ရ ပါတယ် ။ လီဗာပူး ကတော့ ရာသီကုန် ဖို့ 7 ပွဲ အလိုမှာ တင် အမှတ်ပေး ချန်ပီယံ ဖြစ်ဖို့ အလား အလာ ကောင်းနေ ပြီ ဖြစ် ပါတယ် ။

ယမန်နေ့ ညက ကစား ခဲ့တဲ့ ပွဲ မှာ လီဗာပူး ဟာ ဝက်စ်ဟမ်း ယူနိုက်တက် ကို ၃ – ၂ နဲ့ အနိုင် ကစား ခဲ့ပြီး အဆင့် ၂ နေရာ က မန်ချက်စတာ စီးတီး နဲ့ ၂၂ မှတ် ကွာဟ မှု ကို ဆက်လက် တည်တံ့ စေခဲ့ ပါတယ် ။ ဒါဟာ လီဗာပူး အတွက် အမှတ်ပေး ဖလား ပေါ် ကို လက် တစ်ဖက် ရောက်စေ ခဲ့ပြီး နောက်ထပ် ၄ ပွဲ ဆက်တိုက် အနိုင် ရခဲ့ပါက အမှတ်ပေး ချန်ပီယံ ဖြစ်လာတော့မှာ ဖြစ်ပါတယ် ။

လီဗာပူး ဟာ မန်ချက်စတာ စီးတီး အသင်း ရယူ ထားတဲ့ ၁၈ ပွဲ ဆက်တိုက် အနိုင် ရရှိမှု စံချိန်ကောင်း ကိုလည်း ယမန်နေ့ ညက ပွဲ အပြီးမှာ လိုက်မီ နိုင်ခဲ့ ပါတယ် ။ လီဗာပူး ဟာ ပရီးမီးယားလိဂ် လို့ အမည် ပြောင်းလဲပြီး နောက်ပိုင်း မှာ အမှတ်ပေး ချန်ပီယံဆု နဲ့ ဝေးကွာ နေရာ ကနေ ဒီရာသီ မှာတော့ သေချာ တဲ့ အနေအထား ကို ရောက်လာခဲ့ ပြီဖြစ် ပါတယ် ။

လီဗာပူး အသင်းရဲ့ မဟာပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက် ကတော့ ဂန္ထဝင် နည်းပြ ဖာဂူဆန် အနားယူသွား ပြီး နောက်ပိုင်း မှာ အခြေအနေ တွေ ကျဆင်း လာခဲ့ပြီး ဒီရာသီ မှာလည်း လီဗာပူး နဲ့ ၃၈ မှတ် အထိ ကွာဟ နေကာ ချန်ပီယံလိဂ် ဝင်ခွင့် ကို ရယူနိုင်ဖို့ တိုက်ပွဲ ဝင်နေ ခဲ့ရ ပါတယ် ။

ဒီရာသီမှာ ဒဏ်ရာ မကြာခဏ ရရှိ နေပြီး မန်ချက် စတာ ယူနိုက်တက် အသင်း အတွက် ပွဲ အနည်းငယ်သာ ပါဝင် ကစားခွင့် ရရှိခဲ့တဲ့ ပေါ့ဘာ က တော့ မန်ချက်စတာ ယူနိုက်တက် အသင်းသား တစ်ယောက် အနေနဲ့ လီဗာပူး ဖလား ရမှာ ကို မမြင်တွေ့ လို ပေမယ့် ဘောလုံး ပရိသတ် တစ်ဦး အနေနဲ့ တော့ လီဗာပူး ဟာ အရမ်း ကောင်းတဲ့ အသင်း ဖြစ်တယ်ဆိုတာ ကို လက်ခံ ရမှာ ဖြစ်ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

“လီဗာပူး ဟာ အားလုံး နဲ့ အရမ်း ကို ကွာဟ နေပါပီ ။ ဒီရာသီ မှာ သူတို့ တစ်ပွဲ မှ မရှုံးသေး ပါဘူး ။ ပရီးမီး ယားလိဂ် ဖလား ကို လည်း လက်တစ်ဖက် က ဆုပ်ကိုင် ထားပြီး နေပါပြီ ။ ဒါဟာ မန်ချက်စတာ ယူနိုက်တက် ကစား သမား တစ်ယောက် အတွက်တော့ ခံပြင်း စရာ ပါပဲ”

“ယူနိုက်တက် က ဘယ် သူမှ လီဗာပူး အောင်မြင်တာ ကို မမြင်ချင် ပါဘူး ။ ဒါက ကျွန်တော်တို့ ၂ သင်း အကြားက ပြိုင်ဆိုင် မှုပါ ။ သူတို့လည်း ကျွန်တော်တို့ လိုပဲ ဖြစ်မှာ ပါ ။ ဒါပေမယ့် ဘောလုံး ကို ချစ်တဲ့သူ တစ်ယောက် ၊ ဘောလုံး ပရိသတ် တစ်ယောက် ရဲ့ အမြင် က ကြည့်ရင်တော့ လီဗာပူး ဟာ အရမ်း ကောင်းတဲ့ အသင်း တစ်သင်း ဖြစ်တယ် ဆိုတာ ဝန်ခံ ရမှာပါပဲ”

“သူတို့ ဟာ တစ်နှစ်ထက် တစ်နှစ် ပိုကောင်း လာကြပါတယ် ။ ချန်ပီယံ လိဂ် ဖိုင်နယ် မှာ ရီးရဲ ကို ရှုံးခဲ့ ပေမယ့် နောက်ရာသီ မှာ ဖိုင်နယ် ပြန်ရောက် ပြီး ဖလား ရခဲ့ ပါတယ် ။ အရင် ကထက် ပိုကောင်းတဲ့ အသင်း ဖြစ်နေ ပါပြီ” လို့ ပေါ့ဘာ က ပြောဆို သွားခဲ့ ပါတယ် ။

ပေါ့ဘာ ဟာ လက်ရှိ အချိန် အထိ ပြန် ကစား နိုင်မယ့် နေ့ရက် ကို တိတိ ကျကျ မပြောနိုင် သေးဘူးလို့ သိရ ပါတယ် ။ သတင်းစာတွေ ကတော့ ပေါ့ဘာ ဟာ နွေရာသီ မှာ မန်ချက်စတာ ယူနိုက်တက် ကနေ စွန့်ခွာ ဖို့ အတွက် ပြင်ဆင် ထားပြီး ဖြစ်သလို အေးဂျင့် ဖြစ်သူ ရွိုင်းအိုလာ က တဆင့် အပြောင်း အရွှေ့ ကိစ္စ ကို ဖြစ်မြောက် လာအောင် လုပ်ဆောင် နေတယ်လို့ သုံးသပ် ထားကြပါတယ် ။

ပေါ့ဘာ ဟာ မန်ချက်စတာ ယူနိုက်တက် လူငယ် အသင်း ကနေ ပေါ်ထွက် လာခဲ့ပြီး ပရို စာချုပ် မချုပ်ဆို ခင် မှာ အသင်း နဲ့ လမ်းခွဲပြီး စီးရီးအေ ကလပ် ယူဗင်တပ် ကို ရောက်ရှိ ခဲ့တာဖြစ် ပါတယ် ။ ယူဗင်တပ် မှာ ခြေစွမ်း ပြသ ပြီး ကမ္ဘာ့ အဆင့် ကွင်းလယ်လူ တစ်ယောက် အဖြစ် ကို ရောက်ရှိ လာအပြီး မှာတော့ 2016 နွေရာသီမှာ ယူနိုက်တက် ကို ပြန်လည် ပြောင်းရွှေ့ လာခဲ့ ပါတယ် ။

ယူနိုက်တက် မှာ ၃ ရာသီ ကစား အပြီး မှာတော့ ပေါ့ဘာ ဟာ လိဂ် ဖလား ၊ ကွန်မြူနတီဒိုင်း နဲ့ ယူရိုပါလိဂ် ဖလား တွေကို ရယူ ကိုင်မြှောက် နိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် ပြင်သစ်သား ဟာ ချန်ပီယံလိဂ် ကို ရယူ လိုပြီး ယူနိုက်တက် မှာ ဆက်ရှိနေပါက ဒီအိပ်မက်တွေ ကို အကောင်အထည် ဖော်ဆောင်နိုင်ဖွယ် မရှိဘူးလို့ ယုံကြည် လာခဲ့ပြီး အသင်း ပြောင်းရွှေ့ ဖို့ ကြိုးစား လာခဲ့ပြီ ဖြစ် ပါတယ် ။

SPORTS MYANMAR