အာဆင်နယ် အသင်း လူငယ် တိုက်စစ်မှူး အန်ခီတီးယား က အဲဗာတန် အသင်းနဲ့ ပွဲမှာ သွင်းဂိုး တစ်ဂိုး ရယူနိုင်ခဲ့ပြီးနောက် သူ့ရဲ့ ဖုန်းခေါ်ဟန် အောင်ပွဲခံပုံရဲ့ နောက်ကွယ်က အကြောင်းအရင်းကို ထုတ်ဖော် ပြောကြား သွားခဲ့ပါတယ် ။

အသက် ၂၀ အရွယ် ရှိပြီ ဖြစ်တဲ့ အန်ခီတီးယား ဟာ ရာသီအစတုန်းက ဘီယယ်ဆာ ရဲ့ လိဒ်ယူနိုက်တက် အသင်းထံ အငှား သွားရောက် ကစားခဲ့ပြီး မျှော်လင့်ထားသလောက် ပွဲထွက် ကစားခွင့် သိပ်မရတာကြောင့် အာဆင်နယ် အသင်းက ပြန်လည် ခေါ်ယူ လိုက်တာပါ ။

အန်ခီတီးယား ဟာ ပြီးခဲ့တဲ့လက အာဆင်နယ် အသင်းကို ပြန်လည် ရောက်ရှိလာခဲ့တာ ဖြစ်ပြီး နည်းပြ အာတီတာ က သူ့ရဲ့ လေ့ကျင့်ရေး ကွင်းက စွမ်းဆောင်ရည်ကို သဘောကျတာကြောင့် အငှား မချဖို့ ဆုံးဖြတ် လိုက်ပါတယ် ။ အန်ခီတီးယား ဟာ ဘုန်းမောက် အသင်းနဲ့ အက်ဖ်အေဖလားပွဲမှာ သွင်းဂိုးတစ်ဂိုး ရယူနိုင်ခဲ့ပြီး လိဒ်ယူနိုက်တက်မှာ အငှား သွားကစားစဉ်ကည်း သွင်းဂိုး ၅ ဂိုး အထိ ရယူ နိုင်ခဲ့ပါတယ် ။

အန်ခီတီးယား ဟာ သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ပွဲဦးထွက် ကစားခွင့်ကို နယူးကာဆယ် အသင်းနဲ့ ပွဲမှာ ကစားခွင့် ရခဲ့ပြီး ဒီတစ်ပတ် အဲဗာတန် နဲ့ ပွဲမှာတော့ ဆာကာ ရဲ့ ဖြတ်တင် ပေးပို့မှုကနေ အာဆင်နယ် အတွက် ချေပဂိုးကို သွင်းယူ ပေးနိုင်ခဲ့ပါတယ် ။

အန်ခီတီးယား လိဒ်ယူနိုက်တက် မှာ အငှား ကစားစဉ် ကတည်းက ဖုန်းခေါ်ဟန် အောင်ပွဲခံလေ့ရှိပြီး အဲဗာတန် နဲ့ ပွဲဂိုးသွင်းအပြီးမှာလည်း အလားတူ ပုံစံနဲ့ပဲ အောင်ပွဲခံ ခဲ့ပါတယ် ။ အက်ဒီ က သူ့ရဲ့ဖုန်းခေါ်ဟန် အောင်ပွဲခံပုံ ဖြစ်ပေါ်လာတဲ့ အကြောင်းအရင်းကို အခုလို ပြောကြား သွားခဲ့ပါတယ် ။

 

” ရာသီကြို အစီအစဉ် တစ်ခုမှာ အာဆင်နယ် မီဒီယာ က ” သွင်းဂိုး လိုအပ်ရင် ကျွန်တော့်ကိုသာ ဖုန်းခေါ်လိုက်ပါ ” ကျနော့်ကို စတင် မိတ်ဆက် ပေးခဲ့ပါတယ် ။ ဒါကြောင့် အဲ့တာနဲ့ လိုက်ဖက်အောင် အောင်ပွဲခံ ဖြစ်ခဲ့တာပါ ။ ကျနော့် သူငယ်ချင်းတွေကလည်း ဒီအောင်ပွဲခံပုံကို ကြိုက်နှစ်သက်ကြပါတယ် ။ “

” ကျွန်တော် ဂိုးသွင်းနိုင်ခဲ့တဲ့ အခါတိုင်းမှာ သူတို့ဆီ ဖုန်းခေါ်ဟန် အောင်ပွဲခံဖို့ တိုက်တွန်း ခဲ့ကြပါတယ် ။ ဒါကြောင့် ဂိုးသွင်းပြီးတဲ့ အခါတိုင်းမှာ အားရဝမ်းသာ အောင်ပွဲခံခဲ့ဖြစ်တာပါ ၊ ပန်းခြံမှာ ကစားရတဲ့ လူငယ်အဆင့် ပွဲပဲ ဖြစ်ဖြစ် တခြား ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ကျနော်ကတော့ ဂိုးသွင်းနိုင်တိုင်း အခုလို ပျော်ပျော်ကြီး အောင်ပွဲခံဖို့ ကြိုးစား သွားမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ဆက်လက်ပြီး အန်ခီတီးယား က လက်ရှိ အချိန်မှာ သူဟာ လိဒ်ယူနိုက်တက်မှာ အငှား သွားရောက်ကစားစဉ်ကထက် ပိုမို ကောင်းမွန်လာပြီ ဖြစ်ကြောင်း ဆိုပါတယ် ။ ” လိဒ်ယူနိုက်တက် မှာ ကစားစဉ်က အတွေ့အကြုံကောင်းတွေ ရလိုက်ပါတယ် ။ အများကြီး သင်ယူနိုင်ခဲ့ပါတယ် ။ “

” မျှော်လင့်ထားသလောက် ပွဲထွက် ကစားခွင့် မရခဲ့ပေမယ့် ကစားခွင့် ရတဲ့ အချိန် အတွင်းမှာ အခိုက်အတန့်ကောင်းတွေကို ပိုင်ဆိုင် ခဲ့ပါတယ် ။ ကျွန်တော် ကစားခဲ့တဲ့ မိနစ် နဲ့ သွင်းဂိုး အချိုးကို ကြည့်လိုက်မယ်ဆိုရင် အတော်လေး ကောင်းမွန်တာကို တွေ့ရမှာပါ ။ “

” ကျွန်တော့် အတွက် ပတ်ဝန်းကျင်ကောင်း တစ်ခု ဖြစ်ခဲ့သလို ကျွမ်းကျင်မှု ရှိတဲ့ နည်းပြကြီး ဆီငနေ ပညာတွေ အများကြီး ရခဲ့ပါတယ် ၊ ကိုယ့်ကိုယ်ကို အမြဲ သင်ယူနေဖို့ စေခိုင်းရမှာ ဖြစ်သလို ရလာတဲ့ အခွင့်အရေးတွေကိုလည်း လက်မလွှတ်တမ်း အသုံးချ နိုင်ရမှာပါ ။ အခုတော့ ကျနော့် အိပ်မက် ဖြစ်တဲ့ အာဆင်နယ်အတွက် ကစားခွင့် ရနေပါပြီ ။ ” လို့ ပြောကြား လိုက်ပါတယ် ။

SPORTS MYANMAR