ချယ်လ်ဆီး အသင်း ဟာ ယနေ့ည မှာ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ပထမအကျော့ ပွဲအဖြစ် ဂျာမန် အင်အာကြီး ဘိုင်ယန်မြူးနစ် အသင်း ကို အိမ်ကွင်း စတမ်းဖို့ ဘရစ်ချ် မှာ လက်ခံ ကစားရမှာ ဖြစ်ပါတယ် ။ ၂သင်းလုံး ဟာ တိုက်စစ် အားသန် အသင်း တွေ ဖြစ်ကြတာကြောင့် ဒီပွဲ ရလဒ် ဘယ်လို ထွက်ပေါ်လာမလဲ ဆိုတာ အားလုံး က စိတ်ဝင်စားစွာ နဲ့ မျှော်လင့် နေကြဖို့ ရှိပါတယ် ။

ပြီးခဲ့တဲ့ တော့တင်ဟမ် နဲ့ ပရီးမီးယားလိဂ် ပွဲမှာ ချယ်လ်ဆီး အသင်း နည်းပြ ဖရန့် လမ်းပတ် ဟာ ၃လကျော်ကြာ ပွဲထွက်ခွင့် မရနေခဲ့တဲ့ ဝါရင့် တိုက်စစ်မှူး အိုလီဗီယာ ဂျရူး ကို ပွဲပြန်ထုတ်ခဲ့ပါတယ် ။ ဂျရူး ဟာ ထိုပွဲမှာ လမ်းပတ် ရဲ့ အခွင့်အရေးပေးမှု ကို အပြည့်အဝ အသုံးချခဲ့ပြီး ၊ ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုး နဲ့ အတူ ခြေစွမ်း ပြနိုင်ခဲ့ပါတယ် ။

ဒီ အခြေအနေ ကြောင့် ကြံ့ခိုင်မှု ပြန်ပြည့်လာတဲ့ တမ်မီ အေဘရာဟမ် ကိုပဲ ဘိုင်ယန် နဲ့ ပွဲမှာ ပွဲပြန်ထုတ်ရမလား ၊ ပုံစံကောင်း ရပြီး အတွေ့အကြုံ ရှိတဲ့ ဂျရူး ကိုပဲ အခွင့်အရေး ထပ်ပေးရမလား ဆိုတာ လမ်းပတ် အတွက် ခေါင်းစားစရာ ဖြစ်စေပါတယ် ။ မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲ မှာတော့ လမ်းပတ် က ဂျရူး ကို ပွဲထပ်ထုတ်မှာလား ဆိုတဲ့ အမေးနဲ့ ပတ်သက်ပြီး အခုလိုပဲ ဖြေကြားခဲ့ပါတယ် ။

လမ်းပတ် က ” တော့တင်ဟမ် နဲ့ ပွဲက အိုလီ ရဲ့ ခြေစွမ်း အပေါ် ကျွန်တော် အရမ်း အရမ်း အားရ ကျေနပ်မိပါတယ် ။ ကျွန်တော် ကတော့ အထောင် တိုက်စစ် နေရာ မှာ ဘယ်သူ့ကို ပွဲထုတ်မယ် ၊ ဘယ်သူ့ကို ချန်လှပ်မယ် ဆိုတာကို အခုအချိန် မှာ မပြောချင်ပါဘူး ။ အကြောင်းပြချက် တစိတ်တပိုင်း က အိုလီ ဟာ နောက်ပိုင်း ပွဲတွေမှာ ပြန်ပါခွင့်ရဖို့ ကြံ့ခိုင်မှု အပိုင်း မှာရော ၊ စိတ်ဓာတ် အပိုင်း မှာပါ အချိန်ယူနေရလို့ ဖြစ်ပါတယ် ။ ”

 

” သူ တော့တင်ဟမ် နဲ့ လန်ဒန်ဒါဘီ ပွဲမှာ စိုက်ထုတ်ခဲ့တဲ့ အားအင် က အရမ်း များပါတယ် ။ ဒါကြောင့်မို့ မနက်ဖြန်ပွဲ ရဲ့ အခြေအနေ ကို ကြည့်ပြီး သူ့ကို အသုံးပြုသင့် ၊ မပြုသင့် ပြန်ပြီး စိစစ်ရပါမယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ် ၊ တော့တင်ဟမ် နဲ့ ပွဲက သူ့ရဲ့ ခြေစွမ်း က အံ့သြစရာ ကောင်းပါတယ် ။ ဂိုးသက်သက်ချည်းပဲ မဟုတ်ပါဘူး ။ မေဆင်မောင့် ၊ ရော့စ် ဘာကလေ တို့နဲ့ ချိတ်ဆက်ပုံတွေလည်း အရမ်း ကောင်းခဲ့ပါတယ် ။ ”

” အဲ့ဒီပွဲ မှာ သူ ပေးဆပ်ခဲ့တဲ့ လုပ်အား က အရမ်း ကြီးမားလွန်းပါတယ် ။ ခံစစ် အတွက်လည်း သူ အာရုံစိုက် ပေးခဲ့ပါတယ် ။ ကျွန်တော် သူ့ကို အားကိုးလို့ရတယ် ဆိုတာ သိပါတယ် ။ သူဟာ ပရော်ဖက်ရှင်နယ် ပီသသူပါ ။ အရည်အသွေး ရှိပြီး ကြီးကျယ်တဲ့ ကစားသမား တယောက်ပါ ။ မနက်ဖြန် ပွဲရဲ့ ပွဲထွက် တိုက်စစ် နေရာ အတွက် သူဟာ ကျွန်တော့ ကို အကြီးကြီး ခေါင်းစား စေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တော့တင်ဟမ် ကို အနိုင်ရခဲ့တဲ့ ပွဲမှာ ဂျရူး အပြင် ၊ အကယ်ဒမီထွက် လူငယ် ကစားသမား ၂ဦး ဖြစ်တဲ့ ကွင်းလယ်လူ မေဆင်မောင့် နဲ့ ရိစ်ဂျိမ်းစ် တို့လည်း အထူး ခြေစွမ်း ပြခဲ့ပါတယ် ။ သို့ပေမယ့် ဘိုင်ယန်မြူးနစ် လို အသင်း နဲ့ ရင်ဆိုင်ရမယ့် ပွဲ ၊ ချန်ပီယံလိဂ် ရှုံးထွက် အဆင့် ပွဲတပွဲ အတွက် သူတို့လို လူငယ် တွေ အသင့် ဖြစ်ပါ့မလား ဆိုတဲ့ သံသယတွေလည်း ရှိနေကြပါတယ် ။

 

ထိုအချက် နဲ့ ပတ်သက်ပြီးလည်း လမ်းပတ် က ” မနက်ဖြန် ပွဲအတွက် ကျွန်တော့ မှာ သူတို့ ၂ယောက်လုံး ကို ပွဲထုတ်ပေးဖို့ သံသယ ဖြစ်နေတာမျိုး လုံးဝ မရှိပါဘူး ။ ကျွန်တော် ဟာ သူတို့ အပေါ် မှာ အပြည့်အဝ ယုံကြည် ထားပြီးသားပါ ။ ဒီနှစ် ဘောလုံး ရာသီ တခုလုံး အသင်း နဲ့ အတူ ပူးပေါင်း လုပ်ဆောင်နေကြတဲ့ လူငယ် အားလုံး ကို ကျွန်တော် ယုံကြည်ပါတယ် ။ ”

” ကျွန်တော် သူတို့ကို ယုံရတဲ့ အကြောင်းအရင်း က သူတို့ရဲ့ ကစားပုံ ၊ လေ့ကျင့် ကြိုးစားပုံတွေကြောင့်ပါ ။ မနက်ဖြန် ပွဲအတွက် ကျွန်တော် သူတို့ကို စကား ပြောကြည့်ဦးမှာပါ ။ သူတို့ဟာ ဒီရာသီ မှာ ပွဲကြီးတွေ ကစားထားပြီးသားပါ ။ ”

” ဒါပေမယ့် ကျွန်တော် အရှေ့မှာ ပြောခဲ့ဖူးသလိုပါပဲ ။ ချန်ပီယံလိဂ် ရဲ့ ရှုံးထွက် အဆင့် မှာတော့ နည်းစနစ် ၊ ပွဲထွက် ကစားသမား စာရင်း အပြောင်းအလဲ တော့ လုပ်ရပါမယ် ။ ဒါကြောင့်မို့ အသင်းသားတိုင်း ကို ပွဲထွက်ခွင့် အတွက် ဆွေးနွေး စကားပြောသွားမှာပါ ။ အထူးသဖြင့် လူငယ် ကစားသမား တွေကိုပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR