လီဗာပူး အခြေစိုက် North Liverpool Foodbank ဟာ လီဗာပူး ရဲ့ ဘောလုံးပွဲစဉ်တွေကို အဓိက မှီခို အားထားပြီး ၊ မရှိဆင်းရဲသားတွေထံ အစားအသောက်တွေ ပြန်လည် ဝေငှတဲ့ လုပ်ငန်းတွေကို ပရဟိတ အဖြစ် လုပ်ကိုင်လျှက် ရှိနေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ သူတို့ရဲ့ အစားအသောက် အလှူခံတဲ့ ပမာဏ စုစုပေါင်း ရဲ့ 25% ဟာ လီဗာပူး ဘောလုံးပွဲစဉ်တွေ ရှိတဲ့ နေ့တွေ ကနေ အဓိက ရရှိတာ ဖြစ်ပါတယ်။

အန်ဖီးလ်မှာ ဘောလုံးပွဲတွေ ရှိတယ် ဆိုရင် North Liverpool Foodbank က စေတနာ့ ဝန်ထမ်းတွေဟာ ကွင်းရဲ့ အပြင်ဘက် တစ်နေရာမှာ နေရာချထားပြီး အလှူခံလေ့ရှိပါတယ်။ ပွဲကြည့်ဖို့ လာတဲ့ ပရိသတ်တွေ ကလဲ အဲဒီ အကြောင်းကို သိရှိထားပြီးသား ဖြစ်လို့ အိမ်မှာပိုနေတဲ့အစားအသောက်တွေပဲဖြစ်ဖြစ်၊တကူးတကလှူဒါန်းချင်လို့ပဲဖြစ်ဖြစ်ပါဆယ်အိတ်တွေထုတ်ပိုးကာယူဆောင်လာကြလေ့ရှိပါတယ်။

လက်ရှိ အချိန်မှာတော့ ကော်ရိုနာဗိုင်းရပ် ကြောင့် အဲဒီလို လုပ်ဆောင်ဖို့ လုံး၀ မဖြစ်နိုင်တော့ပါဘူး။

တစ်ချိန်တည်းမှာပဲ ပရဟိတ အဖွဲ့အစည်းအနေနဲ့ အကျပ်အတည်းတွေ နဲ့ ရင်မဆိုင် ရစေဖို့အတွက် လီဗာပူး ကလပ်က ဦးဆောင်ကာ ၊ ငွေကြေး လှူဒါန်းမှုတွေကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အသင်းရဲ့ တရားဝင် ထုတ်ပြန်ကြေငြာချက်မှာတော့ စုပေါင်း ပေါင် 4000 ခန့်ကို လှူဒါန်းမှာ ဖြစ်တယ်လို့ ဖော်ပြထားပြီး ၊ အခု အလှူအတန်းဟာ ကလပ်အသင်းက ဝန်ထမ်းတွေ ၊ ကစားသမားတွေ နဲ့ စုပေါင်း လုပ်ဆောင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ ပရိသတ်တွေ အနေနဲ့ လှူဒါန်းချင်တယ် ဆိုရင်လဲ အလှူခံဌာနတွေကို ဖွင့်လှစ်ပေးထားပါတယ်။ အဲဒီနေရာတွေ ကတော့ မြို့ထဲမှာ ရှိတဲ့ လီဗာပူး ကလပ် စတိုးနေရာတွေ ၊ ပြတိုက် နဲ့ အန်ဖီးကွင်း ရဲ့ Tour Area တွေမှာ ဖြစ်ပြီး ၊ လာရောက် လှူဒါန်းချင်တဲ့ ပရိသတ်တွေ အတွက် လက်ခံပေးနေတယ်လို့ ကြေငြာထားပါတယ်။

အသင်းရဲ့ တရားဝင် ကြေငြာချက်မှာတော့ –

“ ပရီးမီးယားလိဂ် ပွဲစဉ်တွေ ရွှေ့ဆိုင်းလိုက်ရခြင်း နဲ့ အတူ North Liverpool Foodbank ရဲ့ လက်ရှိ ပေးေ၀ လှူဒါန်းမှုတွေဟာ ပစ္စည်း ပြတ်တောက်မှုတွေ နဲ့ ကြုံလာရနိုင်ပါတယ်။ ဒါကြောင့်မို့ ဒေသတွင်း မရှိ ဆင်းရဲသားတွေ အခက်အခဲ မဖြစ်စေဖို့ ၊ ကလပ်အသင်းက ကူညီ ထောက်ပံ့ပေးသွားမှာပါ။

ပရိသတ်တွေ အနေနဲ့လဲ ယခင် ကတည်းက ပြုလုပ်လာခဲ့တဲ့ အလှူအတန်းတွေကို ရပ်တန့်လိုက်ရတယ် မရှိရလေအောင် ၊ အထက်ဖော်ပြပါ နေရာတွေမှာ အစားအသောက် အလှူခံ ဌာနတွေ ဖွင့်လှစ်ထားတယ် ဆိုတာ သတင်းကောင်း ပါးပါရစေ။ ဒါ့အပြင် အွန်လိုင်း ကနေ တဆင့်လဲ လှူဒါန်း နိုငင်ပါတယ်။

ကျနော်တို့ အားလုံးရဲ့ လက်တွဲညီညီ နဲ့ တာဝန် သိတတ်မှုတွေက ပိုကောင်းတဲ့ ပတ်ဝန်းကျင် တစ်ခုဖြစ်အောင် ဖန်တီးလိုက်ကြရအောင်” လို့ တိုက်တွန်း ရေးသား သွားခဲ့ပါတယ်။

အလှူခံမယ့် ပစ္စည်းစာရင်းတွေထဲမှာ နွားနို့ဗူး ၊ ဖျော်ရည်ဗူး ၊ သစ်သီးများ ၊ ကော်ဖီ ၊ အသားသွပ်ဗူး ၊ ထမင်း ၊ ယို ၊ ခေါက်ဆွဲ တို့ပါ ဝင်တယ်လို့ ဖော်ပြထားပါတယ်။

လီဗာပူး အသင်းရဲ့ စေတနာ နဲ့ လုပ်ရပ်တွေ ကတော့ တကယ်ကို ချီးကျူး ချင်စရာပါ။ တစ်ကမ္ဘာလုံး အကျပ်အတည်း ဖြစ်နေတဲ့ အခြေအနေမျိုးမှာ ၊ ကိုယ့် အတွက်သာ မကပဲ အခြား ဆင်းရဲတဲ့ လူတန်းစားတွေ အတွက်ပါ ထည့်သွင်းစဉ်းစားပြီး လုပ်ဆောင်လာခဲ့တဲ့ လုပ်ရပ်က သာဓုခေါ်ချင်စရာ ကောင်းလွန်းပါတယ်။

အခုလို လုပ်ရပ်မျိုးတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလဲ အက်စတွန်ဗီလာ ၊ ဖူဟမ် အသင်းတို့က လုပ်ဆောင်ခဲ့ဖူးပြီး ၊ ပိုနေတဲ့ အစားအသောက်တွေကို ပြန်လည် လှူဒါန်းသွားခဲ့တာ ဖြစ်ပါတယ်။

SPORTS MYANMAR