အာဆင်နယ် ဂန္တဝင် တိုက်စစ်မှူး သီယာရီ အွန်နရီ ဟာ အသင်းကို မပြောင်းရွှေ့လာခင်မှာ သွင်းဂိုး ၊ ဂိုးဖန်တီးမှု များများစားစား မပြုလုပ် နိုင်မှာကို စိုးရိမ် ပူပန် နေခဲ့ကြောင်း အီယန်ရိုက် က ပြန်ပြောင်း ပြောကြား လိုက်ပါတယ် ။

အသက် ၂၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အွန်နရီ ဟာ ၁၉၉၉ ခုနှစ် ၊ နွေရာသီမှာ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ ရောက်ရှိ လာသူ ဖြစ်ပြီး ၊ အဲ့မတိုင်ခင်တုန်းက ဂျူဗင်တပ်စ် အသင်း အတွက် ၁၉ ပွဲ ကစားပေးပြီး ၃ ဂိုးသာ သွင်းယူ ပေးနိုင် ခဲ့ပါတယ် ။

အွန်နရီ ဟာ ဂျူဗင်တပ်စ် ကို မပြောင်းရွှေ့ခင် မိုနာကို အသင်းမှာလည်း ကစားခဲ့ဖူးပြီး ၁၄၁ ပွဲ ကစားထားရာမှာ ၂၈ ဂိုးသာ သွင်းယူ နိုင်ခဲ့သလို ပြင်သစ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ရာသီမှာလည်း သွင်းဂိုး တစ်ဂိုးသာ ရယူ နိုင်ခဲ့ပါတယ် ။

ဒါပေမယ့်လည်း အွန်နရီ ဟာ အာဆင်နယ် အသင်းမှာတော့ ပထမဆုံး ရာသီမှာတင် သွင်းဂိုး ၂၆ ဂိုး အထိ သွင်းယူ နိုင်ခဲဲ့သလို ခြောက်ရာသီ ဆက်တိုက် တစ်ရာသီကို အနည်းဆုံး သွင်းဂိုး ၂၀ အထိ သွင်းယူ နိုင်ခဲ့ကာ အသင်းရဲ့ သမိုင်းတစ်လျှောက် ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ် ။

အာဆင်နယ် အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူး တစ်ဦး ဖြစ်တဲ့ အီယန်ရိုက် က My Classic Football Shirt အစီအစဉ်မှာ အွန်နရီ အကြောင်းကို ယခုလို ဖွင့်ဟ သွားခဲ့ပါတယ် ။ ” သူက တကယ့် ဘုရင် ပါပဲဗျာ ၊ သူ အသင်းကို စရောက်တဲ့ အချိန်မှာ ကမ္ဘာဖလား ရယူ ထားတဲ့ ကစားသမား ဖြစ်နေပါပြီ ။ “

” လူတိုင်းက သူ့အကြောင်းပဲ ပြောနေကြတာပါ ၊ အာဆင်ဝင်းဂါး ဆို သူ့ကို ဘောလုံးရဲ့ မိုက်ကယ် ဂျော်ဒန် ဆိုပြီး တင်စား ခဲ့တာပါ ၊ သူက အရာအားလုံးကို လုပ်နိုင်စွမ်း ရှိပါတယ် ၊ ရောက်ခါစမှာ ဂိုးပေါက် ပျောက်နေခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပရီးမီးယားလိဂ်မှာ ခြေတွေ့ သွား ခဲ့ပါတယ် ။ “

” သူက ကြံ့ခိုင်မှု ၊ အမြန်နှုန်း ၊ စကေး ကောင်းသလို သွင်းဂိုးတွေ သွင်းယူလိုစိတ်လည်း အပြည့် ရှိပါတယ် ။ အာဆင်ဝင်းဂါး က သူ့ကို စာချုပ်ချုပ် ခေါ်ယူတော့မယ်လို့ ပြောတဲ့ အချိန်ကို အမှတ်ရ မိပါသေးတယ် ၊ အဲ့အချိန်တုန်းက အွန်နရီက ‘ ကျွန်တော် ဂိုးသွင်းနိုင်မှာ မဟုတ်ဘူး ၊ အသင်းအတွက် ဂိုးအများကြီး သွင်းနိုင်မှာ မဟုတ်ဘူး ‘ လို့ ပြန်ပြောခဲ့ပါတယ် ။ “

” အာဆင်ဝင်းဂါးကတော့ ‘ ဘာမှ စိတ်မပူပါနဲ့ကွာ ၊ မင်းဂိုးတွေ သွင်းယူ နိုင်ပါလိမ့်မယ် ။ ‘ လို့ ဆိုပါတယ် ။ သူ ဘာကြောင့် ကိုယ် ဂိုးမသွင်းနိုင်ဘူးလို့ ထင်နေတာသလဲ ဆိုတာ ကျွန်တော် ကိုယ်တိုင်လည်း အံ့ဩတကြီး ဖြစ်ခဲ့ရပါတယ် ။ “

” သူ အသင်းနဲ့ အသားကျ သွားတဲ့ အခါမှာတော့သူ့အတွက် အရာရာ လွယ်ကူ သွားခဲ့ပါတယ် ၊ သူ့ကစားပုံနဲ့ ပတ်သက်လို့ ကျွန်တော် အမှား ရှာမတွေ့ ခဲ့ပါဘူး ၊ သူက အသင်းနဲ့ ပူးပေါင်း ကစားတတ်တဲ့သူပါ ၊ အသင်းအတွက် ဂိုးတွေ အများကြီး သွင်းခဲ့ပေမယ့် ဂိုးဖန်တီးမှုကလည်း စံချိန်တင်ပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အွန်နရီ ဟာ အာဆင်နယ် အသင်း အတွက် ပရီးမီးယားလိဂ် ပွဲပေါင်း ၂၅၈ ပွဲ ကစားပေးခဲ့ပြီး သွင်းဂိုး ၁၇၅ ဂိုး အထိ သွင်း ယူ ပေး ခဲ့ ပါတယ် ။

SPORTS MYANMAR