သရဲနီ တို့ရဲ့ နောက်ခံလူဟောင်း ဖြစ်သူ ဝက်ဘရောင်းက မန်ယူနိုက်တက် ရဲ့ ခံစစ် မှတ်တမ်း တိုးတက်လာခြင်းဟာ နောက်တန်း ကစားသမားတွေ အစေးကပ် သွားအောင် နည်းပြ အိုလီဂန်နာ ဆိုးရှား အချိန်ပေး ခဲ့တာကြောင့် ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

ယခု ရာသီ အစောပိုင်းမှာ ယူနိုက်တက်ဟာ ဝမ်ဘစ်ဆာကာ နဲ့ ဟယ်ရီမက်ဂွိုင်းယား တို့ကို ပေါင်သန်း ၁၃၀ လောက်ပေးကာ ခေါ်ယူ ထားခဲ့ ပေမယ့်လည်း ပေးဂိုး မရှိဖို့ အတွက် ရုန်းကန် ခဲ့ရပါတယ်။ ဆိုးရှားရဲ့ အသင်းဟာ နောက်တန်းမှာ ပေးဂိုးတွေ များနေခဲ့ပြီး ခရစ်စမတ် မတိုင်မီ အထိ ပြိုင်ပွဲစုံမှာ clean sheet ၉ ကြိမ်သာ ရထား ခဲ့ပါတယ်။

ဒါပေမယ့် ကလပ်ဟာ ပရီးမီးယားလိဂ် ပွဲစဉ်တွေ လာမည့် ဧပြီလ ၄ ရက်နေ့ အထိ ရွေ့ဆိုင်းခြင်း မလုပ်မီ အကောင်းဆုံး ပုံစံ ရနေပြီး ပြိုင်ပွဲစုံ ၁၁ ပွဲဆက် ရှုံးပွဲ မရှိထားကာ ဒါဟာ ဆိုးရှား ယာယီ နည်းပြ အဖြစ် တာဝန်ယူပြီး နောက်ပိုင်း အကောင်းဆုံး form ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဒီ ၁၁ ပွဲမှာ clean sheet ၉ ကြိမ်ထိ ရယူ နိုင်ခဲ့ပြီး ခံစစ်ပိုင်း ကလည်း မာကျော ကျစ်လစ် နေခဲ့ပါတယ်။

ဘရောင်းက “ခံစစ်ပိုင်းဟာ စတင် အစေးကပ်လာ ခဲ့ပါပြီ။ ဘာလို့လဲ ဆိုတော့ သူတို့ကို အချိန်ပေး ခဲ့လို့ပါ။ လင်ဒီလော့ဖ် နဲ့ မက်ဂွိုင်းယား တို့ဟာ တအား ကောင်းခဲ့ကြ ပါတယ်။ ဒီလို ဖြစ်ဖို့ အချိန်ယူ ခဲ့ရပေမယ့် အချိန်ပေးခြင်းဟာ အမြဲတမ်း အရေးကြီးတဲ့ အရာ ဖြစ်ပြီး ကျွန်တော် ကတော့ သူတို့ အကောင်းဆုံး လုပ်နိုင် ခဲ့တယ်လို့ ထင်ပါတယ်။

အာရွမ်ဝမ်ဘစ်ဆာကာ ကလည်း ကျွန်တော်တို့ ထင်ထားခဲ့တဲ့ အတိုင်း အကောင်းဆုံး လုပ်ပြ ထားခဲ့ပါတယ်။ သူဟာ အရမ်း တော်တဲ့ နောက်ခံလူ ဖြစ်ပြီး သူ့ရဲ့ တိုက်စစ် အရည်အသွေး တွေကလည်း တစ်ချိန်လုံး တိုးတက် နေပါတယ်။ ပြီးတော့ တစ်ဦးနဲ့ တစ်ဦး အကောင်းဆုံး ယှဉ်ပြိုင် ဖိအား ပေးနေကြတဲ့ လူ့ရှော နဲ့ ဘရန်ဒိုဝီလီယံ တို့လည်း ရှိနေပါတယ်။” လို့ ဆိုသွားပါတယ်။

နော်ဝေး နည်းပြဟာ လင်ဒီလော့ဖ် နဲ့ မက်ဂွိုင်းယား တို့ကို အဓိက ဗဟို ခံစစ် အတွဲအဖြစ် သတ်မှတ် ထားခဲ့ ပေမယ့်လည်း အခြား ရွေးချယ်စရာတွေလည်း ရှိနေ ပါတယ်။ ဘိုင်လီဟာ ဒဏ်ရာ ကနေ ပြန်လာ ခဲ့ပြီးနောက် ချဲလ်ဆီးကို နိုင်ခဲ့တဲ့ ပွဲစဉ် ၊ ပြီးခဲ့တဲ့ ကြာသာပတေးနေ့က LASK ကို ၅-၀ နဲ့ နိုင်ခဲ့တဲ့ ပွဲစဉ်တွေမှာ ခြေစွမ်းပြ ခဲ့ပါတယ်။ ကာလရှည် ဒဏ်ရာ ရခဲ့တဲ့ တွမ်ဇန်ဘီကလည်း ဆိုးရှား အတွက် နောက်ထပ် ရွေးချယ်စရာ တိုးလာ စေခဲ့ပါတယ်။

ဘရောင်းက “အခု ဆိုရင် ဘိုင်လီလည်း ပြန်လာ ပါပြီ။ သူဟာ ချဲလ်ဆီးနဲ့ ပွဲမှာ တအား ကောင်းအောင် ကစား ခဲ့တဲ့ အပြင် နောက်ထပ် ပွဲတွေ မှာလည်း ခြေစွမ်းပြ ခဲ့ပြန်ပါတယ်။ ဒါ့ကြောင့် မက်ဂွိုင်းယား နဲ့ ဘယ်သူ တွဲဖက်ခွင့် ရမလဲ ဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့် သွားရမှာပါ။ ကစားသမားတွေ ပြန်လာခြင်းဟာ နောက်တန်းမှာ ပြိုင်ဆိုင်မှုပိုင်းကို တိုးစေပါတယ်။ ကျွန်တော်ကတော့ အနာဂတ်မှာ မတူညီတဲ့ အတွဲအဖက်တွေကို မြင်လာ၇မယ့် အခါတွေ ရှိမယ်လို့ ယုံကြည် ပါတယ်။”

ဆိုးရှားဟာ လာမည့် နွေရာသီ အပြောင်းအရွေ့မှာ ကစားသမား ခေါ်ယူ အားဖြည့်မှုတွေ လုပ်သွားဖို့ စီစဉ်လျက် ရှိနေပေမယ့် ဝက်ဘရောင်း ကတော့ ကလပ် အနေနဲ့ နောက်တန်း ကိုတော့ အားဖြည့်စရာ လိုမယ် မထင်ဘူးလို့ ဆိုလိုက် ပါတယ်။ ဒါပေမယ့် ယခု ရာသီ အစောပိုင်းတုန်း ကတော့ ကလပ် အသင်း ထိပ်တန်း အဆင့်ကို ပြန်ရောက် နိုင်ရန် မက်ဂွိုင်းယား အတွက် တွဲဖက် နောက်ခံလူ ကောင်းကောင်း လိုတယ်လို့ ဆိုခဲ့ကြ ပါတယ်။

ဒါပေမ့ယ် ဘရောင်းက “ကျွန်တော် ကတော့ ခံစစ်ပိုင်း အားဖြည့်ခြင်းဖို့ မလိုအပ်ဘူးလို့ ထင်ပါတယ်။ သူတို့ရဲ့ လူအင်အား တိုးတက်ဖို့ အတွက် နောက်ထပ် ကစားသမားသစ်တွေ ရောက်လာတာ ပြသနာ မရှိပါဘူး။ ဒါပေမယ့် ယေဘူယျ အားဖြင့် ခံစစ်ပိုင်းဟာ ဒီရာသီ အတော် ကောင်းနေ ပြီးသားပါ။

ကိုယ့်အသင်း ကိုတော့ အမြဲတမ်း တိုးတက်စေချင် ပါတယ်။ အကယ်၍ ဈေးကွက်ထဲမှာ မန်နေဂျာ နှစ်သက်တဲ့ ကစားသမား ရှိနေတယ် ဆိုရင် ၊ ခေါ်ယူလို့ ရနိုင်မယ် ဆိုရင် ဒီလူတွေဟာ အသင်းနဲ့ အံဝင်ခွင်ကျ ဖြစ်တယ် ဆိုရင် ကျွန်တော် ကတော့ ဒါဟာ ပြသနာ မရှိဘူးလို့ ထင်ပါတယ်။ ဒါပေမယ့် သူတို့ ခံစစ်ပိုင်းကို ဦးစားပေးပြီး အားဖြည့်ဖို့ မလိုအပ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။” လို့ ဆိုသွား ပါတယ်။

ထွက်ပေါ် နေတဲ့ အသင်းတွေ အရကလည်း နည်းပြ အိုလီဂန်နာ ဆိုးရှားဟာ လာမည့် နွေရာသီ အပြောင်းအရွေ့ ဈေးကွက်မှာ ကွင်းလယ်လူ တစ်ဦး ၊ တိုက်စစ်မှုး တစ်ဦး အားဖြည့်ဖို့ကို ဦးစားပေး အဖြစ် သတ်မှတ် ထားတယ်လို့ သိရပါတယ်။

SM