Unicode

ချယ်လ်ဆီး အသင်း ရဲ့ ဝါရင့် တိုက်စစ်မှူး အိုလီဗီယာ ဂျရူး ဟာ အာဆင်နယ် ကနေ စတင် ပြောင်းရွှေ့ လာခဲ့တဲ့ ရာသီ တဝက် မှာပဲ အသင်း အတွက် အဓိက တိုက်စစ်မှူး အနေနဲ့ ကစား ခဲ့ရပြီး မနှစ် က မော်ရစ်ဇီယို ဆာရီ ရဲ့ လက်အောက် မှာရော ၊ ယခုနှစ် ဖရန့် လမ်းပတ် လက်အောက် မှာပါ ကစားခွင့် တွေ ဆက်တိုက် ပျောက်ဆုံး လာခဲ့ပါတယ် ။

ယခုနှစ် ဘောလုံး ရာသီ မှာ ဂျရူး ဟာ ပရီးမီးယားလိဂ် မှာ ပွဲထွက်ခွင့် တကြိမ် သာ ရထားပြီး နောက်ဆုံး တလ ထဲမှာ ဘန်လေ နဲ့ ပွဲ တပွဲ မှာသာ လူစားဝင်ခွင့် တကြိမ် သာ ရထား တာကြောင့် ဂျရူး အဖို့ ၄င်းရဲ့ အနာဂတ် အတွက်တော့ ပုံမှန် ပွဲထွက်ခွင့် ရရှိမယ့် ကလပ် တသင်း ဆီသို့ ပြောင်းရွှေ့ဖို့ သေချာပေါက် စဉ်းစား နေပြီ ဖြစ်ပါတယ် ။

 

ဂျရူး ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ၊ ဇန်နဝါရီ အပြောင်းအရွှေ့ မှာ ပြင်သစ် ကလပ် တချို့ ဖြစ်တဲ့ မာဆေးလ် ၊ ဘော်ဒိုး အသင်း တွေရဲ့ စိတ်ဝင်စားမှု တချို့ ကို ရရှိခဲ့ပေမယ့် အသင်း မပြောင်းခဲ့တဲ့ အပြင် ရာသီကုန်ခါနီး မှာတောင် ချယ်လ်ဆီး အသင်း ဖက်က ကမ်းလှမ်း လာတဲ့ စာချုပ်သစ် မှာပါ လက်မှတ် ရေးထိုး ခဲ့ပါတယ် ။

သို့ပေမယ့် လည်း လာမယ့် ယူရို ၂၀၂၀ မှာ ပြင်သစ် လက်ရွေးစင် အသင်း နဲ့ အတူ ပါဝင် ကစားခွင့် ရဖို့ အတွက်တော့ ဒီနှစ် ဇန်နဝါရီ အပြောင်းအရွှေ့ မှာတော့ ဂျရူး ဟာ မနှစ်ကနဲ့ မတူတဲ့ ဆုံးဖြတ်မှု တွေကို ပြုလုပ် နိုင်ပါတယ် ။ ပွဲထွက်ခွင့် ပုံမှန် ရရှိမယ့် အသင်း ၊ စွမ်းဆောင်ရည် ကောင်းတွေ ပြသမယ့် အသင်း တသင်း ကို ဂျရူး ရွေးချယ် ပြောင်းရွှေ့ နိုင်ပါတယ် ။

တော့တင်ဟမ် နဲ့ ဆန်းဒါးလန်း တိုက်စစ်မှူးဟောင်း ဒါရင်းဘန့် ကတော့ ဂျရူး အနေနဲ့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ မှာ အသင်း ပြောင်းဖြစ်ခဲ့မယ် ဆိုရင် ၊ ခြေစွမ်း အလယ်အလတ် တန်းစား အသင်း ဖြစ်တဲ့ အဲဗာတန် အသင်း သို့ ပြောင်းရွှေ့ သင့်ကြောင်း ၊ ဆီဂတ်ဆန် ၊ ရစ်ချာလီဆင် တို့လို ကစားသမားကောင်း တွေ ရှိနေတာ က ဂျရူး အတွက် တွဲဖက် ကစားရတာ ပိုပြီး လွယ်ကူနိုင်ကြောင်း Talksports ရဲ့ အစီအစဉ် တခု မှာ သုံးသပ် ပြောဆို ခဲ့ပါတယ် ။

ဒါရင်းဘန့် က ” ဂျရူး အဖို့ လက်တွေ့ ကျတဲ့ ပြောင်းရွှေ့မှု က အဲဗာတန် ကို ဖြစ်နိုင်ပါတယ် ။ ဂျရူး ဟာ အထောင် တိုက်စစ်မှူး စစ်စစ် ဖြစ်သလို ၊ အဲဗာတန် မှာ ဂျရူး လို့ တိုက်စစ် ကို မားမားမတ်မတ် ရပ်တည်ပြီး ဦးဆောင်ပေးမယ့် တိုက်စစ်မှူးမျိုး မရှိနေပါဘူး ။ ဒါ့အပြင် သူတို့ မှာ ဆီဂတ်ဆန် ၊ ရစ်ချာလီဆင် ၊ ဘားနက် ၊ အီဝိုဘီ တို့ဟာ ဂျရူး နဲ့ သေချာပေါက် ချိတ်ဆက် ကစား နိုင်ကြမှာပါ ။ ”

” ကျွန်တော် ကတော့ အဲဗာတန် အနေနဲ့ ဂျရူး ကို ခေါ်ယူဖို့ ချဉ်းကပ် သင့်တယ် လို့ ထင်ပါတယ် ။ ဒါပေမယ့် တဖက် မှာ ဂျရူး ပြောင်းရွှေ့ဖို့ တော်တော် မဖြစ်နိုင်တဲ့ တသင်းတော့ ရှိပါတယ် ။ အဲ့ဒါ ကတော့ တော့တင်ဟမ် ပါ ။ သူတို့ မှာ အထောင် တိုက်စစ်မှူး စစ်စစ် ဆိုလို့ ဟယ်ရီကိန်း တယောက်ပဲ ရှိပါတယ် ။ လူးကပ်စ် မိုရာ ဟာ တိုက်စစ် နေရာ မှာ ကစားနိုင်စွမ်း ရှိပေမယ့် သူဟ အထောင် တိုက်စစ်မှူး စစ်စစ် မဟုတ်ပါဘူး ။ ”

” အကယ်၍ ဟယ်ရီကိန်း သာ ဒဏ်ရာ ရသွားရင် သူတို့ အတွက် အရန် တိုက်စစ်မှူး တဦး ဖြည့်ဖို့ လိုပါတယ် ။ ဒါပေမယ့် ဂျရူး ဟာ အာဆင်နယ် မှာ ကစားဖူးတာကြောင့် တော့တင်ဟမ် နဲ့ အာဆင်နယ် အကြား တင်းမာမှု တွေတော့ ပိုဖြစ်သွား နိုင်ပါတယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ် ၊ ဂျရူး ဟာ တော့တင်ဟမ် အတွက် အရန် တိုက်စစ်မှူး အဖြစ် အစားထိုးဖို့ သင့်လျော် ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR