ချယ်လ်ဆီး အသင်း ရဲ့ မန်နေဂျာ ဖရန့် လမ်းပတ် ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ အတွက် တလတာ အကောင်းဆုံး ပရီးမီးယားလိဂ် မန်နေဂျာ ဆု ကို ဒီဆု အတွက် အခြား ဆန်ခါတင် မန်နေဂျာ ၄ဦး ဖြစ်တဲ့ လီဗာပူး အသင်း မန်နေဂျာ ယာဂင် ကလော့ပ် ၊ လက်စတာ အသင်း မန်နေဂျာ ဘရန်ဒန် ရော်ဂျာ ၊ အက်စတွန် ဗီလာ အသင်း မန်နေဂျာ ဒင်စမစ် ၊ ဘရိုက်တန် အသင်း မန်နေဂျာ ဂရေဟမ် ပေါ်တာ တို့ကို ကျော်ဖြတ်ပြီး ရရှိ ခဲ့တာ ဖြစ်ပါတယ် ။

လမ်းပတ် ဟာ အောက်တိုဘာ လ အတွင်း ယှဉ်ပြိုင် ကစား ခဲ့တဲ့ ချယ်လ်ဆီး အသင်း ရဲ့ ပွဲစဉ် ၃ပွဲလုံး ကို ရာနှုန်းပြည့် အနိုင် ရလဒ် ရရှိအောင် စွမ်းဆောင် ပေးနိုင် ခဲ့ပါတယ် ။ လမ်းပတ် ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ကမှ မန်နေဂျာ လောက ထဲသို့ ဝင်ရောက် လာတာ ဖြစ်ပြီး ဒီနှစ် ဘောလုံး ရာသီ မှာမှ ချယ်လ်ဆီး အသင်း ကို စတင် ကိုင်တွယ် ခဲ့ကာ ၊ ၂လ အကြာမှာပဲ ပရီးမီးယားလိဂ် တလတာ အကောင်းဆုံး မန်နေဂျာ ဆု ကို ထိုက်ထိုက်တန်တန် ဆွတ်ခူး ခဲ့ပါတယ် ။

ဒါဟာ လမ်းပတ် အတွက် နည်းပြ ဘဝ ပထမဆုံး တဦးချင်း ဆုတံဆိပ် လည်း ဖြစ်ပါတယ် ။ လမ်းပတ် လက်ထက် မှာ ချယ်လ်ဆီး အသင်း ဟာ ကစားသမားသစ် တွေ ခေါ်ယူခွင့် မရသည့်တိုင် ၊ လူငယ် ကစားသမား တွေနဲ့ စီနီယာ ၊ အတွေ့အကြုံရင့် ကစားသမား တွေကို အချိုးညီညီ တည်ဆောက် ထားနိုင်လို့ ၊ ရလဒ်ကောင်း များစွာ စွမ်းဆောင် နိုင်ခဲ့တာ ဖြစ်ပါတယ် ။

လမ်းပတ် ရဲ့ ချယ်လ်ဆီး အသင်း ဟာ မနက်ဖြန် ညမှာ ခရစ်စတယ် ပဲလေ့စ် အသင်း နဲ့ လန်ဒန် ဒါဘီ ပွဲစဉ် တပွဲ ကစားဖို့ ရှိနေကာ ၊ ယူရို ခြေစစ်ပွဲ တွေ ပြန်မစမီ ရမှတ် ၃ မှတ် အပြည့် ရယူ သွားဖို့ လိုနေပါတယ် ။

ပရီးမီးယားလိဂ် တလတာ အကောင်းဆုံး ဆု နဲ့ ပတ်သက်ပြီး လမ်းပတ် က ” ဒီဆု နဲ့ ပတ်သက်ပြီး ကျွန်တော် အရမ်း စိတ်လှုပ်ရှား နေမှာ မဟုတ်ပါဘူး ။ ဒီဆု တွေ လူတွေရဲ့ အမြင် မှာ တင့်တယ် သလောက် ၊ ဒီ ဆု အပေါ် မှာ အများကြီး တပ်မက် ၊ စိတ်လှုပ်ရှား နေမယ် ဆိုရင် ကိုယ့်ရဲ့ ကြိုးစားမှု နဲ့ အရည်အချင်း တွေကိုပါ အလိုလို ဆွဲချ သွားမှာပါ ။ ”

” ဒီဆု ကို ရရှိဖို့ အတွက် ခင်ဗျား ဟာ မြောက်မြားစွာသော လုပ်အား ကို ထည့်ပြီး ကြိုးစား ခဲ့ရတယ် ဆိုတာ မမေ့ပါနဲ့ ။ ဘာကြောင့်လဲ ဆိုတော့ လက်စတာ ကို အကောင်းဆုံး အနေအထား အထိ ရောက်အောင် စွမ်းဆောင် ထားတဲ့ ဘရန်ဒန် ရော်ဂျာ အပြင် ၊ ကျန်တဲ့ ဆန်ခါတင် မန်နေဂျာ တွေ အကုန်လုံး အသီးသီး တော်ကြလို့ပါ ။ ”

” ဒီဆု မှာ ဆန်ခါတင် ပါဝင်တဲ့ ကျန်တဲ့ မန်နေဂျာ တွေ အကုန်လုံး သူ့နည်းသူ့ဟန် နဲ့ ရရှိဖို့ ထိုက်တန် ကြပါတယ် ။ ဒီဆု ဟာ ခင်ဗျား ကို ပြင်းပြင်းထန်ထန် အလုပ်ကြိုးစား ခဲ့တဲ့ အခိုက်အတန့် ကို ပြန်ပြီး အမှတ်ရစေပါတယ် ။ လက်ရှိ ကျွန်တော် ပိုင်ဆိုင် ထားတဲ့ ကစားသမား အစုအဖွဲ့ အပေါ် အပြည့်အဝ ယုံကြည်ပါတယ် ။ ”

” ဒါပေမယ့် ပရီးမီးယားလိဂ် လို ပြိုင်ပွဲ ဟာ ဘာကြောင့် အရမ်း ခက်ခဲ ရလဲ ဆိုတာ ကျွန်တော် နားလည်ပါတယ် ။ လီဗာပူး ၊ မန်စီးတီး တို့လို တည်ငြိမ် တဲ့ ခြေစွမ်းကောင်း တွေနဲ့ ရလဒ်ကောင်း တွေ ဆက်တိုက် ရယူ ထားတဲ့ အသင်း တွေ ပါဝင်နေတာကြောင့် ယှဉ်ပြိုင် ရ ဘယ်လိုမှ မလွယ်ပါဘူး ။ အောက်တိုဘာ လ ဟာ ကျွန်တော် တို့ အတွက် တကယ်ကောင်း ခဲ့တဲ့ လတလ ဖြစ်ခဲ့ပါတယ် ။ ”

” ဒီလို ရလဒ်ကောင်း တွေ ဆက်တိုက် ရယူနိုင်ခဲ့ဖို့ ကျွန်တော် တို့ လုပ်အား တွေ အများကြီး စိုက်ထုတ် ခဲ့ရပါတယ် ။ ပြီးခဲ့တဲ့ အောက်တိုဘာ တလ သာမက ကျွန်တော် တို့ဟာ လတိုင်း မှာ အစွမ်းကုန် ကြိုးစား လေ့ကျင့် ခဲ့ကြပါတယ် ။ ဒီဆု ဟာ ကျွန်တော် တို့ အတွက် ရေရှည် မှာ ဘယ်လို ကြိုးစားမယ် ဆိုရင် ဘယ်လို အောင်မြင်နိုင်လဲ ဆိုတာ ထောက်ပြ နေတဲ့ အမှတ်အသား တခု လိုပါပဲ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR