အခုအပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ ရဲ့ အကောင်းဆုံး ပွဲစဉ်အဖြစ် တော့အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူး အသင်းနဲ့ လက်ရှိ ချန်ပီယံ မန်စီးတီး အသင်းတို့ ရင်ဆိုင်တွေ့ကြတော့မှာဖြစ်ပါတယ်။ အန်ဖီးလ်မှာ ကစားရမယ့် အခုပွဲစဉ်ကိုသာလီဗာပူးတို့ အနိုင်ရခဲ့ပါက နှစ်သင်းကြား ရမှတ်ကွာဟ ချက်က ၉မှတ်အထိ ရှိသွားတော့မှာလည်းဖြစ်ပါတယ်။ဒါကြောင့် လည်း ချန်ပီယံဆုအတွက် တကောင်တည်းပြေးတဲ့ မြင်းလို ဖြစ်သွားမှာဖြစ်ပေမယ့် အခုလာမယ့် ပွဲစဉ်ကို မဖြစ်မနေ အနိုင်ရအောင် ကစားရမယ့် ပွဲတပွဲ အဖြစ်ပြောဖို့ကတော့ စောသေးတယ်လို့ လီဗာပူးနည်းပြကြီး ကလော့ပ်ကဆိုပါတယ်။အိမ်ကွင်းမှာကစားရမှာဖြစ်လို့အခုပွဲစဉ်ကို အနိုင်လိုချင်မိတယ်လို့တော့သူကဝန်ခံခဲ့ပါတယ်။

ဒီနှစ်သင်းဟာ နောက်ဆုံး နှစ်ရာသီအတွင်း ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး အသင်းတွေ အဖြစ်ရှိနေတာဖြစ်ပြီး ယမန်နှစ်ရာသီ က ချန်ပီယံဆုအတွက်ပြိုင်ဆိိုင်မှုက နောက်ဆုံးပွဲအထိအကြိတ်အနယ်စောင့်ကြည့်ခဲ့ရတာဖြစ်ပါတယ်။နောက်ဆုံးမှာတော့ မန်စီးတီးအသင်းက တမှတ်အသာနဲ့ တေ့ဖြုတ်သွားခဲ့တာဖြစ်ပါတယ်။လီဗာပူးတို့ဟာ ထိုရာသီတလျှောက်လုံးမှာ မန်စီးတီးကို အီတီဟတ်မှာအရေးနိမ့်ခဲ့တဲ့ ရှုံးပွဲတပွဲ သာရှိခဲ့ပြီးသူတို့ရဲ့ရမှတ် ၉၇ မှတ်ဟာ ပရီးမီးယားလိဂ်သမိုင်းရဲ့ တတိယမြောက် အများဆုံးဖြစ်ခဲ့ပေမယ့် ချန်ပီယံဆုကို ရယူနိုင်ဖို့တော့ မလုံလောက်ခဲ့တာဖြစ်ပါတယ်။လာမယ့်တနင်္ဂနွေနေ့မှာတော့ ဒီနှစ်သင်း ဆုံတွေ့နေပြီး အနိုင်အရှံုးရလဒ်က ချန်ပီယံလမ်းကြောင်းကို အဆုံးအဖြတ်တခုခုဖြစ်စေမယ်လို့ အများကယူဆနေကြပါတယ်။

ဒါပေမယ့် လည်း လီဗာပူးနည်းပြကြီးကလော့ပ်ကတော့ ဒီအပေါ် အေးအေးဆေးဆေးပဲ သဘောထားနေပုံပါပဲ။Sky Sports နဲ့ အင်တာဗျူးမှာ ကလော့ပ်က – ” အခုမှ ပွဲစဉ် ၁၂ ပဲရှိနေသေးတာဖြစ်ပြီး နောက်ထပ်ပွဲတွေ ထပ်ရောက်လာဖို့ရှိနေသေးတယ်ဆိုတာ အားလုံး အသိပါပဲ။မန်စီးတီး အသင်းရဲ့ အနေအထားကို ကျွန်တော်တို့သိနားလည်ပါတယ်။ပြီးခဲ့တဲ့ရာသီတုန်းကဆိုရင်ကျွန်တော်တို့ရှံုးပွဲတပွဲသာရှိခဲ့ပြီး အဆုံးအသတ်ချိန်ရောက်မှပဲ အဆုံးအဖြတ် ဖြစ်ခဲ့တာဖြစ်ပါတယ်။အခုလာမယ့်ပွဲကို လူတွေကအဆုံးအဖြတ်ပွဲလို့မြင်နေကြပေမယ့် ပွဲတွေအားလုံး ကုန်အောင် ကစားရဦးမှာဖြစ်ပါတယ်။

ပွဲတွေ အများကြီး ရောက်လာဦးမှာဖြစ်ပါတယ်။နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ ပွဲကျပ် ကာလတွေ ရောက်လာဖို့ ရှိနေသေးလို့ အဲ့ဒီပွဲအားလုံး အတွက်အသင့်ဖြစ်နေဖို့လိုပါတယ်။အခုချိန်မှာတော့ ကျွန်တော်တို့ လာမယ့်ပွဲအတွက်အာရုံစိုက်ပြင်ဆင်နေပါတယ်။ဒါပေမယ့်ဒီပွဲက လက်ကျန်ရာသီအနေအထားကိုလွှမ်းမိုးမှုရှိသွားနိုင်မှာလားဆိုတာနဲ့ပတ်သက်ပြီး အများကြီးတော့ တွေးနေတာမျိုးမရှိပါဘူး ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။အခုလာမယ့် ပွဲဟာ မဖြစ်မနေ အနိုင်ရဖို့လိုတဲ့ ပွဲတပွဲလားလို့မေးမြန်းရာမှာတော့ ကလော့ပ်က – ” ကျွန်တော်ထက်ပိုပြီး ပိုတော်တဲ့ လူတွေ ရှိပေမယ့် ကျွန်တော်ကတော့ ဒီလို ပွဲမျိုးလို့တော့ မထင်ပါဘူး။ကျွန်တော့်အတွက်တော့ဒီပွဲမှာကိုယ့်မှာရှိသမျှအကုန်သုံးပြီး နိုင်ချင်တဲ့ ပွဲတပွဲသာဖြစ်ပါတယ်။

မဖြစ်မနေ အနိုင်ရဖို့ လိုတယ်ဆိုတဲ့ ပွဲတွေကိုတော့ ကျွန်တော် နားမလည်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ဒီလိုယူဆထားရုံနဲ့ပွဲရဲ့ အနိုင်အရှံုး အခွင့်အလမ်းတွေ ကို ဘာအပြောင်းအလဲမှ ဖြစ်စေမှာ မဟုတ်လို့ပါပဲ။ကျွန်တော်တို့လို ဘောလုံးအသင်းတသင်းဟာပြင်ဆင်မှုတွေပြုလုပ်ပြီး လုပ်သင့်တဲ့အရာတွေပိုထပ်ခါထပ်ခါ ပြုလုပ်ရမှာဖြစ်ပါတယ်။ပွဲနဲ့ ပတ်သက်တဲ့ပြင်ပကိစ္စတွေက ဘာသက်ရောက်မှု မှဖြစ်စေမှာမဟုတ်ပါဘူး။ကျွန်တော်တို့အနိုင်လိုချင်သလို အနိုင်ရလဒ်ဖြစ်လာဖို့ အတွက်အကုန်လုံး လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ပွဲကြီးတပွဲဆိုတာသိပေမယ့် ဒီပွဲပြီးလည်းရာသီက မပြီးဆုံးသေးပါဘူး” လို့ဖြေသွားခဲ့ပါတယ်။

SM