တနင်္ဂနွေနေ့ မှာ ကစားသွားဖို့ ရှိနေတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာ မန်စီးတီးအသင်းကို အနိုင်ရခဲ့ရင်လည်း ချန်ပီယံ ဆုအတွက် ပြောဖိုု့က စောနေသေးတယ်လို့ လီဗာပူး တိုက်စစ် ကစားသမား ဆာလတ်က ဆိုပါတယ်။ဒီနှစ်သင်းဟာ အခုရာသီမှာလည်း ယမန်နှစ်ကလို ချန်ပီယံ အတွက် အပြိုင်ဖြစ်နေဦးမယ်လို့ အများက ထင်ကြေးပေးထားကြတာဖြစ်ပါတယ်။ဒါပေမယ့် ပွဲစဉ် ၁၁ ကစားအပြီး မှာ လီဗား အသင်းက ၆မှတ်အသာနဲ့ ဦးဆောင်
နေပြီး အန်ဖီးလ်မှာကစားမယ့် အခုပွဲစဉ်ကို သာအနိုင်ရလိုက်ပါက ချန်ပီယံပြေးလမ်းမှာ တကောင်တည်းပြေးတဲ့ မြင်လို့ ဖြစ်သွားဖို့ရှိနေတာဖြစ်ပါတယ်။ဒါပေမယ့် ဆာလတ်ကတော့အနိုင်ရခဲ့ရင်တောင် ချန်ပီယံအကြောင်းတွေးဖို့ စောလွန်းနေသေးတယ်လို့ ယူဆနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီက လည်း ဒီနှစ်ရဲ့ ပြိုင်ဆိုင်မှုက နောက်ဆုံး ပွဲစဉ် အထိ အကြိတိအနယ် စောင့်ကြည့်ခဲ့ရပြီး မန်စီးတီး အသင်းက တမှတ်အသာ နဲ့ကျော်ဖြတ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ဒါကြောင့် ဒီရာသီမှာလည်း ချန်ပီယံဆုအတွက်စောစောစီးစီး အဖြေမထွက်လောက်ဘူးလို့ အများက ယူဆထားကြတာဖြစ်ပါတယ်။မန်စီးတီးနည်းပြ ကြီး ဂွာဒီဟိုလာကလည်း အခုပွဲ အနိုင်အရှုံး ရလဒ်ဟာ သူတို့ အသင်းရဲ့ ချန်ပီယံဆု မျှှော်လင့်ချက်ကို အပြောင်းအလဲဖြစ်စေမှာ မဟုတ်ဘူး လို့ အခိုင်အမာဆိုထားပြီး ၊ လီဗာပူးနည်းပြကလော့ပ်ကလည်း ဒီပွဲဟာမဖြစ်မနေ အနိုင်ရဖို့လိုတဲ့ ပွဲမျိုးတော့ မဟုတ်ဘူးလို့ အသီးသီး ဖွင့်ဟထားခဲ့ကြသေးတာဖြစ်ပါတယ်။

အခုချိန်မှာတော့ ဆာလတ်က – ” ပြီးခဲ့တဲ့ နှစ်ဒီဇင်ဘာလလောက်မှာ ကျွန်တော်တို့က သူတို့ထက် ၆ မှတ် ရမှတ်လောက် အသာရနေခဲ့ပြီး ချန်ပီယံဆုအတွက်ပြိုင်ဆိုင်မှုပြီးသွားပြီလို့ လူတွေက ပြောဆိုနေခဲ့ကြပါတယ်။ဒါပေမယ့် မပြီးသေးပါဘူး၊ အမှတ်ကွာဟချက်က ၃ ပွဲစာလောက်ပဲရှိခဲ့တာဖြစ်ပါတယ်။ဆိုးရွားတဲ့ အခိုက်အတန့်အတွင်း ကျရောက်တာနဲ့ ဒုက္ခကြံု ရနိုင်တာဖြစ်ပါတယ်။လာမယ့်ပွဲမှာကျွန်တော်တို့နိုင်လိုက်ရင်လည်း ရာသီခရီးရှည်ကြီး ကျန်နေပါသေးတယ်။အခုမှ နိုဝင်ဘာလ ပဲရှိနေသေးတာဖြစ်လို့ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက်ပြောဖို့က စောလွန်းနေပါသေးတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

ဆာလတ် ဟာပြီးခဲ့တဲ့ နှစ်ရာသီဆက် မှာ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုတွေကို ဆက်တိုက် ရယူထားနိုင် ခဲ့တာဖြစ်ပြီး ဒီရာမှာတော့ အသင်းကို ရှံုးပွဲမရှိအောင် စွမ်းဆောင်ပေးထားနိုင်နေပေမယ့်သူ့ရဲ့ သွင်းဂိုးကတော့ ၁၁ ပွဲအပြီးမှာ ၅ဂိုးသာရှိထားသေးတာဖြစ်ပါတယ်။ကောက်ရိုးမီးလို့ ဝေဖန်မှုတွေကိုမှားယွင်းကြောင်း အကြိမ်ကြိမ် သက်သေပြထားခဲ့တဲ့ ဆာလတ်က -” အရိုးသားဆုံး ဝန်ခံရမယ်ဆိုရင် ကျွန်တော့်အပေါ် လူတွေဘယ်လောက်အထိ မျှော်လင့်ထားတယ်ဆိုတာပတ်သက်ပြီး ဂရုမစိုက်ပါဘူး။ကျွန်တော် ဂိုးတွေ ဆက်သွင်းနေနိုင် ပြီီး အသင်းက နိုင်ပွဲတွေ ရနေသမျှတော့ အရာရာက အဆင်ပြေပါတယ်။

လူတွေရဲ့ ကျွန်တော့် ဆီကနေ မျှော်လင့်ားတာတွေ နဲ့ပတ်သက်ပြီး အလေးထားဖို့ မလိုဘူးလို့လည်း ထင်ပါတယ်။လိုက်ပြီး ဂရုစိုက်နေရင် ကိုယ့်ကိုယ်ကိုယ် ဖိအားတွေပိုပိစေပြီး ခြေစွမ်းကိုပါ ဆိုးရွားစေပါတယ်။လုပ်ချင်တာကိုလုပ်နေရတာဖြစ်လို့လည်းကျွန်တော်ကတော့ပျော်ရွှင် ကျေနပ်မိပါတယ် ” လို့ပြောခဲ့ပါတယ်။

SM