ဒီတစ်ပတ် ရဲ့ အကောင်းဆုံးပွဲ ဖြစ်သလို ၊ တစ်ကမ္ဘာလုံးကလဲ စိတ်ဝင် တစားနဲ့ စောင့်ကြည့်ကြမယ့် လီဗာပူး နဲ့ မန်စီးတီး တို့ ထိပ်တိုက်တွေ့တဲ့ ပွဲစဉ်ဟာ လာမယ့် တနင်္ဂနွေ့ညမှာ ယှဉ်ပြိုင် ကစားတော့မှာ ဖြစ်ပါတယ်။

ဒီပွဲမတိုင်ခင်မှာတော့ ပက်ဂွာဒီယိုလာက ချန်ပီယံလိဂ် ပွဲစဉ်မှာ ဒဏ်ရာ ရရှိသွားတဲ့ ဂိုးသမား အီဒါဆင် ဟာ ပါဝင်ကစားဖို့ လုံး၀ မဖြစ်နိုင်ဘူးလို့ ကိုယ်တိုင် အတည်ပြုလိုက်ပြီ ဖြစ်ပြီး ၊ ချီလီ ဂိုးသမားကြီး ဘရာဗိုသာ ပွဲထုတ်သွားမယ်လို့ ဆိုပါတယ်။

လီဗာပူးဘက်မှာလဲ မာတစ်ဟာ သက်သာလာခြင်း မရှိသေးတာကြောင့် ဒီပွဲကို ဆက်ပြီး လွဲချော်ဦးမှာ ဖြစ်ပြီး ဂန့်နဲ့ ပွဲစဉ်မှာ နေမကောင်းဖြစ်လို့ အနားယူခဲ့ရတဲ့ ဟန်ဒါဆင် ကတော့ ပြန်လည်ကစားပေးနိုင်ပြီ ဖြစ်ပါတယ်။ ကလော့ပ် ကတော့ လက်ရှိ အမှတ်ပေးဇယားကို 6 မှတ် အကွာနဲ့ ဦးဆောင်ထားသည့်တိုင်အောင် ကျေနပ်ခြင်း မရှိပဲ ၊ မန်စီးတီး ကိုလဲ ရဲရဲဝင့်ဝင့် နဲ့ ရင်ဆိုင်ကစားဖို့ ကစားသမားတွေကို တိုက်တွန်းသွားခဲ့သလို ၊ ကွင်းထဲအထိ လာရောက် အားပေးကြမယ့် ပရိသတ်တွေကိုလဲ သွေးပူလေ့ကျင့်ခန်း ဆင်းတဲ့ အချိန်ကတည်းက ရောက်နေအောင် စောစောလာခဲ့ဖို့ ဖိတ်ခေါ်သွားခဲ့ပါတယ်။

“ ဒီပွဲက တကယ့်ပွဲကြီး ပွဲကောင်းတစ်ပွဲပါ။ ထိပ်တန်းအသင်းကြီး နှစ်သင်းဟာ အန်ဖီးလ်မှာ ရင်ဆိုင် ကစားကြမှာ ဆိုတော့ ဘောလုံး ခရေဇီတို့ အကြိုက်ပါပဲ။ သူတို့နဲ့ နောက်ဆုံးတွေ့ခဲ့တဲ့ 3 ပွဲမှာ ၊ အိမ်ကွင်းပွဲစဉ်က 0-0 နဲ့ သရေ ကျခဲ့တယ် ၊ ပြီးတော့ အီတလီဟတ်မှာ 2-1 နဲ့ ရှုံးခဲ့သလို ၊ ကွန်မြူနတီဒိုင်း ပွဲစဉ်မှာလဲ ပင်နယ်တီ အဆုံးအဖြတ် မခံယူခင် အထိ သရေကျခဲ့တယ်လေ။

သေချာတာက ဒီပွဲဟာ ပရိသတ်တွေကို ဆွဲဆောင်မှု အပြည့်ရှိနေဦးမှာပါ။ နည်းစနစ်ပိုင်းအရလား ၊ လက်ရှိ အနေအထားတွေ အရကြောင့်လား ဆိုတာတော့ မပြောတတ်ပေမယ့် ဆွဲဆောင်မှု ရှိနေတာ သေချာပါတယ်။

ဒါကို ဘယ်သူမှ ငြင်းလို့ မရပါဘူး။ ကျနော်တို့ အနေနဲ့ တိုက်စစ်ကို တစ်ချိန်လုံး ဆင်နေလို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် မန်စီးတီး ကိုတော့ ရဲရဲကြီးကို ရင်ဆိုင် ကစားရဖို့ လိုပါလိမ့်မယ် ၊ အထူးသဖြင့် သရေ တစ်မှတ်အတွက် ဆိုရင်တောင် ပေါ့ဆလို့ မရပါဘူး” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ဆက်လက်ပြီး Normal One ကြီးက “ ကျနော်တို့ ကွင်းထဲက ကစားသမားတွေ ကလဲ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပေါ်ထွက်လာအောင် ကြိုးစားမှာ ဖြစ်သလို ၊ ကွင်းထဲမှာ လာအားပေးမယ့် ပရိသတ်တိုင်းကလဲ တက်ကြွနေဖို့ လိုပါတယ်။ နောက်ဆုံးဗျာ ကွင်းထဲမှာ မုန့်ရောင်းတဲ့ သူကအစ လီဗာပူး အတွက် ဆိုတဲ့ ပုံစံမျိုး ဖြစ်နေရမှာပါ။

ပြီးတော့ ကွင်းထဲကို ရောက်လာမယ့် ပရိသတ်တွေ အနေနဲ့လဲ သွေးပူလေ့ကျင့်ခန်း စလုပ်မယ့် အချိန်ကတည်းက ရောက်နှင့်စေချင်ပါတယ်။ ဒါကို ကျနော့်ဘက်က တောင်းဆိုကြည့်တာပါ။ ကျနော်တို့ရဲ့ ရင်ခုံသံတွေ အားလုံးကို ရင်းနှီးပြီး ၊ အကောင်းဆုံးပွဲတစ်ပွဲ ဖန်တီးလိုက်ကြရအောင်ဗျာ” လို့ ပြောဆိုသွားခဲ့ ပါတယ်။

ပက်ဂွာဒီယိုလာဟာ သူ့ရဲ့ နည်းပြဘ၀ သက်တမ်းတစ်လျှောက် ရင်ဆိုင်ခဲ့ရဖူးတဲ့ နည်းပြတွေ ထဲမှာ ယာဂန် ကလော့ပ် ကို ရှုံးပွဲ အများဆုံး ဖြစ်ပြီး ၊ စုစုပေါင်း 8 ပွဲ အထိ ရှုံးနိမ့်ထားခဲ့ဖူးပါတယ်။ ပရီးမီးယားလိဂ် ထိပ်တိုက်တွေ့ ဆုံမှုတွေမှာတော့ သူတို့ နှစ်ယောက် စလုံးဟာ 2 ပွဲစီ အနိုင်ရကာ 2 ပွဲ သရေ ကျထားပါတယ်။

ပက်ဂွာဒီယိုလာ ကတော့ အန်ဖီးမှာ ကစားမယ့် အနေအထားနဲ့ ပတ်သက်ပြီး အခုလို မှတ်ချက် ပေးသွားခဲ့ပါတယ်။

“ မနှစ်က ဆွတ်ခူးခဲ့တဲ့ ပရီးမီးယားလိဂ် ဖလားဟာ ကျနော့် ရဲ့ နည်းပြဘ၀ တစ်လျှောက် အကြီးမားဆုံး အောင်မြင်မှုတွေထဲက တစ်ခု ဆိုတာ ပြောခဲ့ပြီးပါပြီ ဘာလို့လဲ ဆိုတော့ လီဗာပူး ရဲ့ ဖိအားပေးမှုတွေက နောက်ဆုံးအချိန်ထိ သက်ဝင်နေခဲ့တာ ခင်ဗျားတို့ မြင်ခဲ့ကြတာပဲလေ။ အခုတော့ သူတို့ဟာ ဥရောပ ရဲ့ အတောင့်တင်းဆုံး ကလပ်အဖြစ် ရပ်တည်လာခဲ့ပါပြီ။ အဲဒီလို အသင်းမျိုးကို အန်ဖီးမှာ ရင်ဆိုင်ရမယ့် အဓိပ္ပါယ်က ဘယ်လိုလဲ ဆိုတာ ကျနော် သဘော သဘောပေါက်ပြီးသားပါ။ ကျနော့်မှာလဲ Game Plan ရှိပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။