ဘာစီလိုနာ က မက်ဆီ ရဲ့ နေအိမ် ပေါ်ကနေ လေယာဉ်တွေ ဖြတ်ကျော်ပြီး ပျံသန်းခွင့် မရှိဘူး ဆိုတဲ့ သတင်းဟာ မနှစ် ကတည်းက ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့တာပါ။ ထုံးစံအတိုင်း ကမ္ဘာကျော် ဘေားလုံးသမား တစ်ယောက် ဖြစ်တာကြောင့် ၊ ဘာကြောင့် အဲဒီလို ပျံသန်းခွင့် မပေးရတာလဲ ဆိုတဲ့ ခေါင်းစဉ် အပေါ် အငြင်းအခုန်တွေ ဆက်တိုက် ဖြစ်ပေါ်လာခဲ့ပါတယ်။

ဒီသတင်းကို စတင် ဖွခဲ့တဲ့ သူက စပိန် နိုင်ငံရဲ့ တန်ဖိုးနည်း လေကြောင်းလိုင်း Vueling ရဲ့ ဥက္ကဌ ဟာဗီရာ ဆန်းချက် ပရီတို ဖြစ်ပါတယ်။ သူက ဘာစီလိုနာ လေဆိပ်ကနေ ပျံတက်တဲ့ လေယာဉ်တွေဟာ မက်ဒီတာရေးနီးယန်း ပင်လယ်ဘက်ကို ဦးကာ ၊ စတင် ပျံတက်ရတာ နဲ့ ပတ်သက်ပြီး သဘောမကျပဲ ဖြစ်နေတာ ဖြစ်သလို ၊ လေဆိပ် ပြေးလမ်းတွေကို တိုးချဲ့ပေးဖို့ အလိုရှိနေတဲ့သူပါ။

နောက်ပိုင်း သူ့ရဲ့ ကြိုးစားချက်ဟာ အောင်မြင်မှု ရဖို့ အခွင့်အလမ်း နည်းပါးလာချိန်မှာတော့ မီဒီယာ အင်အားကို စတင် အသုံးပြုလာခဲ့တာ ဖြစ်ပါတယ်။

သတင်းထောက်တွေ နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူး တစ်ခုမှာတော့ သူက “ El Prat လေဆိပ် တိုးချဲ့မယ့် စီမံကိန်းမှာ လေယာဉ်ပြေးလမ်းတွေတော့ ဘယ်တော့မှ ချဲ့ပေးကြမှာ မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ လီယွန်နယ် မက်ဆီ ရဲ့ အိမ်ပေါ်ကနေ လေယာဉ်တွေ ပျံသန်းခွင့် မရှိဘူးလေ။ ဒီလို အနေအထားမျိုးဟာ ကမ္ဘာပေါ်မှာ ဘယ်နေရာမှ ပေးထားမှာ မဟုတ်ဘူး” လို့ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီ ဆိုတာ အာဂျင်တီးနားနိုင်ငံသား ဆိုသည့်တိုင်အောင် ကတ်တလန် ဒေသကို ငယ်စဉ်ကတည်းက ရောက်ရှိလာခဲ့သူမို့ ၊ ဒေသတွင်း ပြည်သူတွေ နဲ့ တစ်သားတည်း ရှိနေပြီလို့ ဆိုရမှာပါ။ ဒါ့အပြင် သူ့ရဲ့ ကြော်ကြားမှု နဲ့ ဘာစီလိုနာ အသင်းခေါင်းဆောင် ရာထူးတွေကိုပါ ရယူထားတာကြောင့် ၊ မက်ဆီ ကို အခွင့်ထူးခံ တစ်ယောက် အဖြစ် ထင်ယောင် ထင်မှားဖြစ်အောင် လေကြောင်းလိုင်း ဥက္ကဌက အသုံးချ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

တကယ်တော့ မက်ဆီ ရဲ့ အိမ်ဟာ လေဆိပ် နဲ့ နီးနီးကပ်ကပ်လေး ရှိတာ မဟုတ်ပဲ 6 မိုင်လောက် အကွာမှာရှိတဲ့ Gava အရပ်မှာပါ။ ဒါ့အပြင် မက်ဆီ တစ်ဦးတည်းနေထိုင်တာ မဟုတ်ပဲ အခြား ဘာစီလိုနာ ကစားဖော်တွေလဲ သူနဲ့ မနီးမဝေးမှာ နေကြတာ ဖြစ်ပါတယ်။

မက်ဆီ ရဲ့ အိမ်ပေါ် ကနေ ဖြတ်ပြီး ပျံသန်းခွင့် မရှိတဲ့ အကြောင်းအရင်းကလဲ ကစားသမားနဲ့ လုံး၀ သက်ဆိုင်ခြင်း မရှိပါဘူး။ သူတို့ နေထိုင်တဲ့ အရပ်ဟာ Parque Natural del Garraf ရဲ့ အစိတ်အပိုင်း အဖြစ်ပါဝင် နေပါတယ်။ Parque Natural del Garraf ဧရိယာ ကို စပိန် အစိုးရက သဘာ၀ ဘေးမဲ့ဇုံ အဖြစ် သတ်မှတ်ထား ဖြစ်ကာ ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေ နဲ့ ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ထားတာ ဖြစ်ပါတယ်

အဆိုပါ ဥပဒေဟာ သဘာ၀ မေးမဲ့ဇုံ အတွင်းက ကျေးငှက် သာရကာတွေ ၊ အပင်မျိုးစိပ်တွေကို ပျောက်ကွယ်သွားမှာ စိုးတာကြောင့် ၊ အခုလို လေယာဉ်ဖြတ်သန်းခွင့်ကို ပိတ်ပင်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် မက်ဆီ အိမ်ပေါ်ကနေ လေယာဉ် ပျံသန်းခွင့် မရှိတဲ့ အကြောင်းအရင်းက ဂြိုဟ်သားကြီး နဲ့ လုံး၀ လုံး၀ မသက်ဆိုင်သလို ၊ နဂိုကတည်းက ရှိခဲ့တဲ့ စည်းမျဉ်းတစ်ခုသာ ဖြစ်ပါတယ်။

ရလာဒ် အနေနဲ့တော့ ဘာစီလိုနာ လေဆိပ်ကို ဆင်းတဲ့လေယာဉ်တွေ ၊ ပျံတက်တဲ့ လေယာဉ်တွေဟာ ပြေးလမ်းတိုတိုသာ အသုံးပြုနေရတာ ဖြစ်ပါတယ်။