အာဆင်နယ် အသင်း နည်းပြ အူနိုင်း အမ်မရီ က ကွင်းလယ်လူ ဂရန်းနစ် ရှာကာ ဟာ အသင်းအတွက် ပြန်ကစားပေးနိုင်ဖို့ ဆိုတာ မသေချာတော့ကြောင်း နဲ့ ကာယကံရှင် အပေါ် မူတည်ကြောင်း လက်စတာနဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား သွားခဲ့ပါတယ် ။

အူနိုင်း အမ်မရီ က လက်စတာ နဲ့ ကစားရမယ့် ပွဲမှာ ကွင်းလယ်လူ ဂရန်းနစ် ရှာကာ ပါဝင်မှာ မဟုတ်ကြောင်း အတည်ပြု ပြောကြား လိုက်ပြီးကစားသမား ကိုယ်တိုင်က ကစားဖို့ အဆင်သင့် မဖြစ်သေးကြောင်း ပြောကြားလာတာကြောင့် ချန်လှပ်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆွစ်ဇာလန် ကွင်းလယ်လူ ရှာကာ ဟာ ခရစ္စတယ်ပဲလေစ့် နဲ့ ပွဲမှာ လူစားလဲ ခံရတဲ့ အချိန် ပရိသတ်တွေကို ရိုင်းပျစွာ ပြုမူ ဆက်ဆံ ခဲ့တာကြောင့် နည်းပြ အမ်မရီ ဟာ ရှာကာ ကို အသင်း ခေါင်းဆောင် ရာထူးကနေ ဖယ်ရှားပြီး တိုက်စစ်မှူး အူဘာမီယန်း ကို အသင်း ခေါင်းဆောင်သစ် အဖြစ် ပြောင်းလဲ ခန့်အပ် ခဲ့ပါတယ်။ရှာကာ ဟာ အာဆင်နယ် အသင်း ရဲ့ နောက်ဆုံး သုံးပွဲဆက် ပါဝင် ကစားနိုင်ခဲ့ခြင်း မရှိပါဘူး။

အမ်မရီ က လက်စတာ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ” ဒီရာသီ ကျနော်တို့ စွမ်းဆောင်ရည်ကို သဘောမကျတာမျိုး မရှိပါဘူး၊ကျနော်က လက်တွေ့သမားပါ ၊ တစ်ချို့ အခြေအနေတွေကြောင့် ကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေ အကောင်းဆုံးမှာ မရှိတာမျိုးလည်း ရှိပါတယ် ။ ”

” ပရိသတ်တွေဘက်က ကြည့်ရင်လည်း သူတို့က အသင်းကို ရလဒ်ကောင်းတွေ ရစေချင်တာကြောင့် ခြေစွမ်းပိုင်း တိုးတက်တာမျိုးကို မြင်ချင်နေကြတာပါ ၊ ကျနော် ပရိသတ်တွေ ပြောချင်တာက စိတ်ရှည် သည်းခံဖို့ပါ ၊ ဒါပေမယ့် ကျနော်တို့ အနေနဲ့ကစားသမားတွေ စိတ်ပိုင်းဆိုင်ရာ အကောင်းဆုံး အခြေအနေ ပြန်ရဖို့ ကြိုးစား နေပါတယ် ။ ”

” အိုဇေးလ် နဲ့ ကိုလာစီနက် တို့ရဲ့ အဖြစ်အပျက် ၊ ကော့စီရယ်နီ ရဲ့ အဖြစ်အပျက်တွေကို အားလုံး သတိရကြဦးမှာပါ ၊ ကော့စီရယ်နီသာ အသင်းမှာ ဆက်ရှိနေရင် အသင်း ခေါင်းဆောင် အဖြစ် ဆက် ရှိ နေ ဦးမှာပါ ၊ ဒါဆို ကျနော်တို့လည်း ဒီလို အခက်အခဲတွေ ကြုံရမှာ မဟုတ်ပါဘူး ။ ”

” ကျနော်တို့ အနေနဲ့ အသင်းမှာ ဂရန်းနစ် ရှာကာ လို ကစားသမားမျိုး လိုအပ်ပါတယ် ၊ ဒါပေမယ့်လည်း သူ အသင်းအတွက် ပြန်ကစားပေးနိုင်မှာလား ဆိုတာ ကျနော် ကိုယ်တိုင်လည်း မသိပါဘူး ၊ သူ့ စိတ်ထဲမှာ အာဆင်နယ် အကျီင်္ ဝတ်ပြီး ဆက်ကစားဖို့ ဆန္ဒရှိသလားဆိုတာ မသိပါဘူး ၊ အချိန်က အဖြေပေးသွားလိမ့်မယ်လို့ ထင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ဒီတစ်ပတ်မှာတော့ ပရီးမီးယားလိဂ် ပွဲစဥ် (၁၂) အဖြစ် အာဆင်နယ် အသင်းဟာ ပုံစံကောင်းတွေ ပြနေတဲ့ အဆင့်သုံးနေရာက လက်စတာ စီးတီး အသင်း အိမ်ကွင်းမှာ သွားရောက် ကစားရမှာပါ ။ အာဆင်နယ် အသင်းအနေနဲ့ လက်စတာ အသင်းကို ရှုံးနိမ့်သွားပါက ကိုးမှတ်အထိ ကွာဟ သွားမှာ ဖြစ်တာကြောင့် မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်တဲ့ပွဲလည်း ဖြစ်ပါတယ် ။

SPORTS MYANMAR