ပရီးမီးယားလိဂ်ပွဲစဉ် ၁၂ ရဲ့ အကောင်းဆုံး ပွဲစဉ် အဖြစ် အမှတ်ပေးဇယား ထိပ်ဆုံးက လီဗာပူး အသင်း နဲ့ လက်ရှိ ချန်ပီယံ မန်စီးတီး တို့ တနင်္ဂနွေ နေ့မှာ ဆုံတွေ့သွားကြတော့မှာဖြစ်ပါတယ်။အန်ဖီးလ်မှာကစားမယ့်ဒီပွဲဟာချန်ပီယံဆုပြေးလမ်းအတွက်အတိုင်းအတာတရပ်အထိ အဖြေပေးသွားဖို့လည်းရှိနေတာဖြစ်ပါတယ်။

လတ်တလောမှာ လီဗာပူး အသင်းက မန်စီးတီး ထက် ၆မှတ်အသာရနေတာဖြစ်ပြီး လာမယ့်ပွဲစဉ်မှာ အနိုင်ရခဲ့ပါက ၉မှတ်အထိဖြတ်ပြီးတကောင်းတည်းပြေးတဲ့မြင်းဖြစ်သွားမှာဖြစ်ပါတယ်။မန်စီးတီးတို့ အနိုင်ရခဲ့ရင်တော့ နှစ်သင်းကြား၃ မှတ်သာကွာဟတော့မှာဖြစ်လို့ အကြိတ်အနယ်ပြန်ဖြစ်သွားဖို့ရှိနေတာဖြစ်ပါတယ်။

အာဆင်နယ် အသင်းရဲ့ ဂန္တဝင်ခံစစ်မှူး ဟောင်းတဦးဖြစ်ပြီး Daily Mail ရဲ့ ဆောင်းပါးရှင်အဖြစ် လုပ်ကိုင်နေတဲ့ မာတင်ကီအွန်ကတော့ ဒီပွဲဟာ နှစ်ဖက် အသင်းတွေရဲ့ တိုက်စစ် ကစားသမား၃ယောက် ချင်းစီးပြိုင်ဆိုင်မှုကိုမြင်ရမယ့်ပွဲဖြစ်တယ်လို့ဆိုပါတယ်။သူရေးသားနေကျကော်လံမှာ မာတင်ကီအွန်က-

” လီဗာပူး တိုက်စစ်ပိုင်းအတွက် မာနေး နဲ့ ဆာလတ် တိို့ဟာ အတွင်းပိုင်းအထိလိုက်ကစားပေးကြမှာဖြစ်ပြီး ပြိုင်ဘက်ဗဟိုခံစစ် နဲ့ အစွန် ကစားသမားတွေကြားမှာနေရာယူသွားဖို့ရှိနေပါတယ်။သူတုုိ့နှစ်ယောက်ရဲ့ကြားကနေ ချိတ်ဆက်ပေးမှာကတော့ ဖာမီနိုပဲဖြစ်ပါတယ်။

မန်စီးတီးတို့ကတော့ ဒီရာသီပြိုင်ပွဲစုံ၅၂ ဂိုးသွင်းယူထားလို့ ဥရောပမှာအများဆုံးပါပဲ။စတာလင်နဲ့ ဘာနာဒိုဆေးလ်ဗားတို့က တိုက်စစ်အစွန်ထွက်ကစားပေးနေကြဦးမှာဖြစ်ပါတယ်။တောင်ပံတလျှောက်ဆွဲယူပြေးပြီးအတွင်းကိုဝင်ကြမှာဖြစ်ပါတယ်။

အဲ့ဒီနောက် ဒေးဗစ်ဆေးလ်ဗား ၊ ဒီဘရိုင်းတို့ဆီကနေ တိကျတဲ့ ပေးပို့မှုတွေ ရအောင်လုပ်မှာဖြစ်ပါတယ်။မန်စီးတီးအတွက် လိဂ်ဂိုး ၁၇၃ ဂိုးအထိသွင်းပေးထားတဲ့ အဂွေရိုကတော့ ထုံးစံအတိုင်းနေရာယူဖို့ ကြိုးစားဦးမှာဖြစ်ပါတယ်။ခံစစ်တွေ အလုပ်ရှုပ်မယ့်ပွဲဖြစ်ပြီး လီဗာပူးခံစစ်အစွန်ကစားသမားတွေအရင်လိုတိုက်စစ်လိုက်ပါနိုင်ဖို့ စိန်ခေါ်မှုတခုဖြစ်လာပါလိမ့်မယ်။

ဒါကြောင့် အာနိုး နဲ့ ရော်ဘတ်ဆန်ကဒီပွဲမှာ ဘာလုပ်မှာပါလဲ။ပြိုင်ဘက်တိုက်စစ်ကစားသမားတွေကို ဂရုစိုက်မှာလား၊မိမိအသင်းရဲ့တိုက်စစ်ကို ကူမှာလားစောင့်ကြည့်ရမှာပါပဲ။အာနိုးကပရီးမီးယားလိဂ်မှာဖြတ်တင်ဘော အကြိမ်၁၃၀ နဲ့အများဆုံးပြုလုပ်ထားပြီး အနီးစပ်ဆုံးအဖြစ်တော့ ဒစ်ဂ်နေးက အကြိမ်၁၀၀ နဲ့ အနီးစပ်ဆုံးဖြစ်ပါတယ်။

ခံစစ် ညာအစွန်မှာကစားတာဖြစ်ပေမယ့် ဒီဘရိုင်းနဲ့ အတူအခွင့်အရေးဖန်တီးမှု အများဆုံးအဖြစ် အကြိမ်၄၀ စီနဲ့ ရပ်တည်နေပါတယ်။ရော်ဘတ်ဆန်ကဘယ်အစွန်မှာ ကြောက်စရာကောင်းပြီး ဗီလာနဲ့ ပွဲမှာ လီဗာပူးတို့ သူ့ကြောင့်ပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးတို့က တိုက်စစ်ဆင်ရင် ရယောက်လောက်အထိ လိုက်ပါတတ်တာဖြစ်ပြီး ဗဟိုခံစစ်မှူးတွေနဲ့ ဖာဘင်ဟိုကိုပဲ ခံစစ်မှာချန်ထားခဲ့တာဖြစ်ပါတယ်။မန်စီးတီးအသင်းက ဒါကို အစမ်းသပ်မခံထားရသေးပါဘူး။

နည်းစနစ်အခင်းအကျင်းတွေကအရေးပါသလို၊ လီဗာပူး အသင်းသားတွေ အနေနဲ့ လိဂ်ချန်ပီယံအသင်းက ငါတို့ကိုစောင့်ပါလားဆိုပြီး မိမိကိုယ်ကိုယ်ယုံကြည်စိတ်နဲ့ ထွက်လာဖို့လိုပါတယ်။ယူနိုက်တက်နဲ့ ပွဲမှာသူတို့ ဒီလိုမလုပ်ခဲ့ကြပါဘူး။

လီဗာပူး အသင်းသားတွေ အနေနဲ့ သူတို့ဟာ ချန်ပီယံအတွက် အမှန်တကယ်ရေပန်းအစားဆုံး မဟုတ်ရင် တောင် ရေပန်းစားသယောင် သရုပ်ဆောင်သွားဖို့လိုပါတယ်။ရှုံးပွဲမကြံုထားသေးဘူးဆိုတဲ့ စိတ်ဓာတ်နဲ့ အဟုန်တွေကိုလည်းဒီပွဲအထိသယ်ဖို့လိုပါတယ်။နောက်မဆုတ်တမ်းပျော်ပျော်ကြီးရင်ဆိုင်သွားဖို့လည်းလိုပါတယ် ” လို့ရေးသားသွားခဲ့တာဖြစ်ပါတယ်။

SM