အာဆင်နယ် အသင်း နည်းပြ အူနိုင်း အမ်မရီ က လက်စတာ နဲ့ ကစားရမယ့် ပွဲမှာ ကွင်းလယ်လူ ဂရန်းနစ် ရှာကာ ပါဝင်မှာ မဟုတ်ကြောင်း အတည်ပြု ပြောကြား လိုက်ပါတယ် ။ ဒါ့အပြင် အမ်မရီက ကစားသမား ကိုယ်တိုင်က ကစားဖို့ အဆင်သင့် မဖြစ်သေးကြောင်း ပြောကြားလာတာကြောင့် ချန်လှပ်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆွစ်ဇာလန် ကွင်းလယ်လူ ရှာကာ ဟာ ခရစ္စတယ်ပဲလေစ့် နဲ့ ပွဲမှာ လူစားလဲ ခံရတဲ့ အချိန် ပရိသတ်တွေကို ရိုင်းပျစွာ ပြုမူ ဆက်ဆံ ခဲ့တာကြောင့် နည်းပြ အမ်မရီ ဟာ ရှာကာ ကို အသင်း ခေါင်းဆောင် ရာထူးကနေ ဖယ်ရှားပြီး တိုက်စစ်မှူး အူဘာမီယန်း ကို အသင်း ခေါင်းဆောင်သစ် အဖြစ် ပြောင်းလဲ ခန့်အပ် ခဲ့ပါတယ်။

ရှာကာ ဟာ အာဆင်နယ် အသင်း ရဲ့ နောက်ဆုံး သုံးပွဲဆက် ပါဝင် ကစားနိုင်ခြင်း မရှိဘဲ ဒီတစ်ပတ်မှာလည်း ပါဝင် နိုင်မှာ မဟုတ်တာကြောင့် ဂန်းနားတို့ ကွင်းလယ်ကို ဂွမ်ဒူဇီ နဲ့ တော်ရီးယား တို့က ဦးဆောင် ပွဲထွက် လာဖွယ် ရှိနေပါတယ် ။

အာဆင်နယ် နည်းပြ အမ်မရီ က လက်စတာ နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ” ကျွန်တော် သူ(ရှာကာ) နဲ့ အင်္ဂါနေ့ က စကားပြောဖြစ်ပါတယ် ၊ သူ့ရဲ့ စိတ်အခြေအနေ ၊ ခံစားချက် ဘယ်လို ရှိသလဲ ဆိုတာနဲ့ ပတ်သက်ပြီးပေါ့ ။ သူ လေ့ကျင့်ရေးကွင်းမှာ ကောင်းကောင်း လေ့ကျင့် ကစား နိုင်ပါတယ် ။ ”

” ဒါပေမယ့် သူကိုယ်တိုင်က ကစားဖို့ အဆင်သင့် မဖြစ်သေးကြောင်း ပြောလာတာကြောင့် ကျနော်တို့ အနေနဲ့ သူ ကစားနိုင်မယ့် အချိန်ကို စောင့်ဆိုင်း ရဦးမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ဆက်လက်ပြီး အမ်မရီ က အသင်း ခေါင်းဆောင်သစ် ဖြစ်လာတဲ့ တိုက်စစ်မှူး အူဘာမီယန်း နဲ့ ပတ်သက်ပြီး ” သူက အတွေ့အကြုံ လည်း ရှိသလို အဝတ်လဲခန်း အတွင်းမှာလည်း အများရဲ့ လေးစားမှုကို ရရှိ ထားသူပါ ၊ နောက်ပြီး မနှစ်ကလည်း ပရီးမီးယားလိဂ် ရဲ့ ထိပ်တန်း ဂိုးသွင်းရှင် ဖြစ်ခဲ့ပါတယ် ။ ”

” သူ့အနေနဲ့ ဒီ အသင်းခေါင်းဆောင် တာဝန်ကို ရာနှုန်းပြည့် ကျေပွန်အောင် ထမ်းဆောင်နိုင်ဖို့ အချိန်တော့ ယူရဦးမှာပါ ၊ ဒါပေမယ့် ကျနော်တို့ကတလည်း သူ့ကို ပထမ အသင်းခေါင်းဆောင် တာဝန်ယူနိုင်အောင် အားပေး ကူညီသွားမှာပါ ၊ ဒီတာဝန်ကို ရယူဖို့ ခြေတစ်လှမ်း စပြီးနေပါပြီ ။ ” လို့ ပြောကြား လိုက်ပါတယ် ။

SPORTS MYANMAR