ချယ်လ်ဆီး အသင်း ဟာ ယနေ့ည ရနာရီ အချိန်မှာ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် လန််ဒန် မြို့ခံ ပြိုင်ဖက် ခရစ်စတယ် ပဲလေ့စ် အသင်း ကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရစ်ချ် မှာ လက်ခံ ကစားမှာ ဖြစ်ပါတယ် ။ ချယ်လ်ဆီး အသင်း ဟာ လက်ရှိ မှာ အဆင့် ၄ နေရာ မှာ အဆင့် ၂ နေရာ က မန်စီးတီး နဲ့ ၂မှတ် အကွာ ၊ အမှတ်ပေးဇယား ထိပ်ဆုံး က လီဗာပူး နဲ့ ၈ မှတ် အကွာ မှာ ရပ်တည် နေပါတယ် ။

ပြီးခဲ့တဲ့ ကြားရက် မှာ ကစား ခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် မှာ ချယ်လ်ဆီး အသင်း ဟာ အေဂျက်ဇ် အသင်း ကို ၁ – ၄ ရလဒ် နဲ့ အရေးနိမ့် နေခဲ့ရာက ၄ – ၄ သရေ ရလဒ် ကို ရယူပြီး ပြန်လာ နိုင်ခဲ့ပါတယ် ။ ချယ်လ်ဆီး နည်းပြ ဖရန့် လမ်းပတ် ဟာ ချယ်လ်ဆီး အသင်းသား တွေရဲ့ ထို အနိုင်မခံ ၊ အရှုံးမပေး စိတ်ဓာတ်မျိုး ကို သဘောကျနေပြီး ယနေ့ည ပဲလေ့စ် နဲ့ ပွဲမှာ ဆက်လက် သယ်ဆောင်လာဖို့ တိုက်တွန်း ပြောဆို ခဲ့ပါတယ် ။

လမ်းပတ် က ” ၂ယောက်လျော့ အေဂျက်ဇ် အသင်း ကို အနိုင်မရခဲ့လို့ ကျွန််တော့ မှာ အသင်းသား တွေ အပေါ် အပြစ် ရှာနေစရာ လည်း မရှိပါဘူး ။ ခင်ဗျား တို့ရဲ့ အမြင် မှာတော့ ကျွန်တော် တို့ဟာ အေဂျက်် နဲ့ ပွဲမှာ ၄ဂိုး ပေးခဲ့ရလို့ ၊ ခံစစ် က ပုံမှန် မဟုတ်တဲ့ ဂိုးတွေ ပေးခဲ့ရလို့ အဲ့ဒီ အပေါ် ကျွန်တော့ မှာ ဝေဖန်စရာ တွေ ရှိနေနိုင်တယ် လို့ ယူဆကောင်း ယူဆ နေတာ ဖြစ်နိုင်ပါတယ် ။ ဂိုးပေးရတာ ကိုတော့ ကျွန်တော် လည်း မကြိုက်ပါဘူး ။ ”

” ဒါပေမယ့် အေဂျက်ဇ် လို အရည်အသွေး ပြည့်ဝပြီး တိုက်စစ် ကစားပုံ မြင့်မားတဲ့ ဥရောပ ထိပ်တန်း ကလပ် တသင်း ကို ၄ – ၁ အရှုံး ရလဒ် ကနေ သရေ ရလဒ် ကို ပြန်ပြီး ကစားပြ နိုင်ဖို့ ဆိုတာ လွယ်တာ မဟုတ်ပါဘူး ။ ကျွန်တော် တို့ဟာ အဲ့ဒီ ပွဲစဉ် ကနေ အပေါင်း လက္ခဏာ ဆောင်တဲ့ အရာ များစွာ ထုတ်ယူရမယ် လို့ ထင်ပါတယ် ။ အဲ့ဒီ ပွဲမှာ ကျွန်တော် တို့ကို အားပေး တဲ့ ပရိသတ် တွေကလည်း အတော် အံ့အားသင့်စရာ ကောင်းပါတယ် ။ ”

” ဒုတိယပိုင်း မှာ ရရှိခဲ့တဲ့ ကစားပုံ ၊ ပရိသတ် တွေရဲ့ အားပေးမှု တွေသာ ရှိနေမယ် ဆိုရင် ကျွန်တော် တို့ အတွက် ရလဒ်ကောင်း ထွက်ဖို့ များနေပါပြီ ။ အဓိက က ကစားသမား တွေရဲ့ ခံယူချက် ကနေ စတင်ပါတယ် ။ အသင်း အတွက် ပေးဆပ်မှု အပြည့်နဲ့ ကစား နိုင်တာ က သူတို့ ကိုယ်တိုင် အတွက်ရော ၊ ရလဒ်ကောင်း တွေ ရရှိဖို့ အတွက်ပါ တကယ် ကို အထောက်အကူ ပေးပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ဆက်လက်ပြီး ကိုယ့် အထက် က ရပ်တည် နေတဲ့ အသင်း တွေကို အမှတ် လိုက်ကပ် နိုင်ဖို့ အတွက် ကို ကြည့်သလား ၊ ကိုယ့် အသင်း အနောက် ကို လိုက်နေတဲ့ တခြား အသင်း တွေရဲ့ အနေအထား ကို ကြည့်သလား ဆိုတဲ့ မေးခွန်း ကိုလည်း လမ်းပတ် က အခုလိုပဲ တုန့်ပြန် ဖြေကြား ခဲ့ပါတယ် ။

လမ်းပတ် က ” ကျွန်တော် တို့ရဲ့ လက်ရှိ အခြေအနေ က ကိုယ့်ကိုယ်ကို မှန်ထဲ ပြန်ကြည့် နေတဲ့ ပုံစံပါ ။ ကိုယ့်ထက် ရပ်တည်မှု နိမ့်တဲ့ အသင်း ပဲ ဖြစ်ဖြစ် ၊ ရပ်တည်မှု မြင့်မားတဲ့ အသင်း ပဲ ဖြစ်ဖြစ် ၊ ဒီ အသင်း တွေရဲ့ ကံကြမ္မာ ကို ကျွန်တော် တို့ ဖန်တီးလို့ မရပါဘူး ။ သူတို့ တွေမှာ လည်း ကိုယ်ပိုင် အခက်အခဲ တွေ ၊ ကိုယ်ပိုင် အားသာချက် တွေ ရှိနေနိုင်တာပါပဲ ။ ကျွန််တော် တို့ဟာ တပတ်ပြီး တပတ် ကိုယ် လုပ်စရာ ရှိတဲ့ အလုပ် ကို အာရုံတစိုက် လုပ်နိုင်ဖို့ လိုပါတယ် ။ ”

” အခုဆို မနက်ဖြန် မှာ ကစားမယ့် ပဲလေ့စ် နဲ့ ပွဲကို အာရုံစိုက် နေပြီး ယူရို ခြေစစ် ပွဲတွေ အပြီးမှာလည်း မန်စီးတီး နဲ့ ထပ်ကစား ရဦးမှာပါ ။ ရက်သတ္တပတ် တိုင်း ဟာ ကျွန်တော် တို့ကို ကြီးမားတဲ့ စိန်ခေါ်မှု တွေနဲ့ စောင့်ကြို နေပါတယ် ။ လောလောဆယ် မှာတော့ ကျွန်တော် တို့ဟာ အခု အချိန် စွမ်းဆောင် ထားသမျှ အရာ အားလုံး အပေါ် ကျေနပ်မှု ရှိပါတယ် ။ အခုထက် လို ပိုကောင်းအောင် စွမ်းဆောင်နိုင်ဦးမယ် လို့လည်း ယုံကြည် ထားပါတယ် ။ နောက်ပြီး ကိုယ့်အသင်း အခြေအနေ ထက် တခြား ဘယ်အရာ ကိုမှ အာရုံမစိုက်သင့်ဘူး လို့လည်း ထင်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR