အာဆင်နယ် အသင်း နည်းပြ အူနိုင်း အမ်မရီ က ဒီတစ်ပတ်မှာ ထိပ်ဆုံး လေးသင်းနဲ့ အမှတ်ကွာဟချက် မကြီးမားစေဖို့ အတွက် လက်စတာ စီးတီး အသင်းကို မဖြစ်မနေ အနိုင် ကစားဖို့ လိုအပ်နေပြီ ဖြစ်ကြောင်း ဝန်ခံ ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ နောက်ဆုံး ပရီးမီးယားလိဂ် သုံးပွဲဆက် နိုင်ပွဲ ပျောက်ဆုံး နေခဲ့ပြီး ထိပ်ဆုံးလေးသင်း နဲ့ အနိမ့်ဆုံး အမှတ် ကွာဟချက် ၆ မှတ် အထိ ရှိနေခဲ့ပါပြီ ။ ဒါ့အပြင် အာဆင်နယ် အသင်းဟာ နောက်ဆုံး ကစားထားတဲ့ ပရီးမီးယားလိဂ် ၉ ပွဲမှာ နိုင်ပွဲ ၂ ပွဲသာ ရယူ ထားနိုင်ပါတယ် ။

အာဆင်နယ် ပရိသတ်တွေကတော့ နည်းပြ အူနိုင်း အမ်မရီ အပေါ် သည်းခံနိုင်စွမ်း ကုန်ဆုံး နေကြပြီး အမြန်ဆုံး ထုတ်ပယ်ဖို့ ဆန္ဒ ရှိနေကြပါတယ် ။ အမ်မရီ ကတော့ ဒီတစ်ပတ် လက်စတာ နဲ့ ပွဲဟာ အသင်းအတွက် အရမ်း အရေးကြီးတဲ့ ပွဲဖြစ်ကြောင်း နဲ့ ရလဒ်ကောင်းတွေ ပြန်လည် ရယူနိုင်ဖို့ အာဆင်နယ် အသင်း တိုးတက်ဖို့ လိုအပ်နေတဲ့ အရာနှစ်ခုကိုလည်း ဝန်ခံ ပြောကြားသွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ လက်စတာ စီးတီး အသသင်းကိုသာ ရှုံးနိမ့် သွားပါက အဆင့် ၁၀ လောက်အထိ ထိုးကျမယ့် အခြေအနေနဲ့ ရင်ဆိုင် နေရတာလည်း ဖြစ်ပါတယ် ။ အမ်မရီ က လက်စတာ နဲ့ ကစားရမယ့် ပွဲအပေါ် ” ကျနော်တို့ အနိုင်ရဖို့ လိုအပ်ပါတယ် ၊ မနက်ဖြန် ပွဲက ကျနော်တို့အတွက် အရမ်း အရေးကြီးတာပါ ။ ”

” ကျနော်တို့ အားလုံး စိတ်ထဲမှာ ခံယူထားတာကတော့ ပွဲတိုင်း ပွဲတိုင်းကို အကောင်းဆုံး ကစားကွက်ကို အသုံးပြုပြီး စုဖွဲ့မှု ကောင်းကောင်းနဲ့ ကစားဖို့ပါ ၊ ကစားသမား တစ်ဦးချင်း အနေနဲ့ အသင်း အနိုင်ရဖို့ သူတို့ရဲ့ အရည်အသွေးကောင်းတွေကို ထုတ်ပြ ရမှာပါ ။ ကျနော်ကတော့ ပွဲတိုင်းကို အနိုင်ရဖို့ပဲ ဦးတည် ကစားပါတယ် ။ ”

” ဒီတစ်ပတ် အင်္ဂါနေ့တုန်းက ကျနော် တို့ တိုးတက်ဖို့ အဓိက လိုအပ်နေတဲ့ အရာ နှစ်ခုကို ကစားသမားတွေနဲ့ ပြောဖြစ် ခဲ့ပါတယ် ။ ပထမ တစ်ခုက ဘောလုံး ကိုင်ထားပြီး အကောင်းဆုံး ကစားနိုင်ဖို့ရယ်၊ ကျနော်တို့ ပင်ကို ကစားဟန်ကို ယုံကြည်မှု အပြည့်နဲ့ ကစားဖို့ရယ်ပါ ။ ကွင်းထဲမှာ တာဝန်ယူမှု အပြည့်နဲ့ ကစား ရမှာပါ ။ ”

” ဒုတိယ တစ်ခုကတော့ ခံစစ်ပိုင်း စွမ်းဆောင်ရည် ကောင်းမွန်လာဖို့ ပါ ၊ မနက်ဖြန် ကစားရမယ့် ပွဲမှာ ခံစစ်ပိုင်း တိုးတက် ကောင်းမွန် လာဖို့က ကျနော်တို့အတွက် အဓိက စိန်ခေါ်မှု ပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR